ဂျပန်နိုင်ငံ၌ အပင်အခြေခံ တူနာငါးအတုထုတ်လုပ်

 

တိုကျို၊ ဇန်နဝါရီ ၂၆

 

ဂျပန်နိုင်ငံမှ  NH Foods စား သောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းသည် အပင်အခြေခံ တူနာငါးအတုတစ်မျိုးကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ထုတ်လုပ်ရခြင်းမှာ သမုဒ္ဒရာများအတွင်းရှိ တူနာငါးကောင်ရေ အရေအတွက်ကို   ထိန်းသိမ်းထားနိုင်ရန်ဖြစ်ကြောင်း ၎င်းလုပ်ငန်းက ပြောကြားသည်။

တူနာငါးနှင့်တူစေရန် ယင်းထုတ် ကုန်၏ အရသာနှင့် အသွင်အပြင်ကို ခြောက်လကြာ စမ်းသပ်ဖန်တီးခဲ့ကြောင်း ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့သည်။

NH Foods သည် အပင်အခြေခံ အစားထိုးတူနာငါးကို စီးပွားရေး လုပ်ငန်းများထံ ဧပြီလတွင်စတင်၍ ရောင်းချရန် စီစဉ်နေသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၃၀ ဘဏ္ဍာနှစ်အရောက်တွင် အပင်အခြေခံပစ္စည်းများ ရောင်းချမှုမှ အမြတ်ငွေ ယန်း ၁၀ ဘီလီယံ အထိရရှိရေး မျှော်မှန်းထားသည်။

မိမိတို့၏ ထုတ်ကုန်အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ လူဦးရေတိုးလာသည်နှင့်အမျှ အစားအသောက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် လုပ်ငန်း၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း NH Foods က ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ