တိုကျို၊ ဇူလိုင် ၂၂
ဂျပန်နိုင်ငံ အရှေ့ပိုင်းတိုချီဂီနှင့် ယာမာနာရှီ စီရင်စုများတွင် အပူချိန် ၃၉ဒီဂရီ ဆဲလ်ဆီးယက်အထိ မြင့်တက်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်း အရ သိရသည်။ စီရင်စု ၃၉ ခုတွင် အပူဒဏ်ကာကွယ်ရေး သတိပေးချက်များထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံတွင် အပူချိန်မြင့်မားနေသည့်အတွက် နိုင်ငံသားများအား အပူလျှပ်ဝေဒနာမှ ကာကွယ်ရန်အတွက် အပူဒဏ်ကာကွယ်ရေး ကိရိယာများအား ကုမ္ပဏီများက ထုတ်လုပ်ခဲ့ကြသည်။
ယင်း အပူဒဏ်ကာကွယ်ရေးကိရိယာအား ဦးခေါင်းတွင်ဝတ်ဆင်ရပြီး စမတ်ဖုန်းအက်ပလီကေးရှင်းနှင့် ချိတ်ဆက်ထားကာ ဝတ်ဆင်ထားသူ၏ ပတ်ဝန်းကျင်ရှိ အပူချိန်နှင့် စိုထိုင်းဆအပါအဝင် နဖူးမှ ထွက်ရှိသည့်အပူချိန်တို့ကို တိုင်းတာပေးသည်။ ယင်းကိရိယာ ဝတ်ဆင်ထားသည့် လုပ်သားသည် အပူချိန် မြင့်တက်နေပါကလည်း အလုပ်ကြီးကြပ်သူ မန်နေဂျာအား သတိပေးသည့် စနစ်ကို တပ်ဆင်ထားသည်။ ယခုထုတ်လုပ်သည့်ကိရိယာသည် လုပ်ငန်းခွင်အသီးသီးရှိ လုပ်သားများအား အပူဒဏ်မှ ကာကွယ်ပေးမည် ဖြစ်ကြောင်း ယင်းကိရိယာထုတ်လုပ်သည့်လုပ်ငန်းမှ တာဝန်ရှိသူ ဟာဂါရှီမာမာဆာတိုရှီက ပြောကြားသည်။
ထို့ပြင် ကျန်းမာရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုကလည်း နံရံတွင်ကပ်ထားနိုင်သည့် အပူချိန် တိုင်းတာနိုင်သော ကိရိယာတစ်မျိုးကို ထုတ်လုပ်ခဲ့သည်။ ယင်းကိရိယာအား မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်နှင့် ဆက်သွယ်ထားပြီး ကျောင်းများနှင့် တိရစ္ဆာန်ရုံကဲ့သို့သော လူစည်ကားသည့်နေရာများတွင် ထားရှိကာ လူများ၏ ကိုယ်ခန္ဓာ အပူချိန်မြင့်တက်နေပါက သတိပေးမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန်- စိုးသူရ