ဇူလိုင် ၆

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇူအိုကာမြို့တွင် ယနေ့မနက်အစောပိုင်းက  ဆောက်လုပ်ဆဲဖြစ်သောအဝေးပြေးလမ်းမ ပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

အိုဘိန်းခရိုင် ရှီမီဇူရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မတော်တဆမှုဖြစ်ပွားကြောင်း မနက် ၃ နာရီထိုးပြီးပြီးချင်း သတင်းရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ပြိုကျသံနှင့်အတူ သံမဏိကိုယ်ထည်တစ်ခုအောက်သို့ပြုတ်ကျလာကြောင်း မျက်မြင်တွေ့ရှိသူက ပြောကြားသည်။

၉ မီတာအမြင့်မှပြိုကျသော လမ်းမအရှည်သည် ၆၅ မီတာခန့်ရှိပြီး အကျယ် ၃ မီတာရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါမတော်တဆမှုဖြစ်ပွားချိန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမား ၃၀ ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် အသက် ၃၀ နှင့် ၇၀ ကြားအရွယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့နှင့် အရေးပေါ်ဆိုင်ရာတာဝန်ရှိသူများက ထိုပြိုကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို