တိုကျို နိုဝင်ဘာ ၃

 

ဂျပန်နိုင်ငံသည် ဒီဇင်ဘာလမှစတင်၍ နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရန် ဒေသန္တရအစိုးရများအား ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ညွှန်ကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ပြီးစီးသူများအား ၎င်းတို့၏ဆန္ဒအပေါ် မူတည်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသည့်ကာလ အနည်းဆုံး ရှစ်လပြည့်သည့်သူများအား အပိုဆောင်း ထိုးနှံမှုခံယူရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဒီဇင်ဘာလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ၎င်းအုပ်စုနောက်တွင် သက်ကြီးရွယ်အိုများအား ထိုးနှံပေးသွားရန် စီစဉ်ထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံရာ၌ ကာကွယ်ဆေး အလုံအလောက် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သုံးစွဲနိုင်ရေးအတွက် နိုဝင်ဘာ ၁၀ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်သွား မည်ဖြစ်သည်။

 

ထို့ပြင် Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကိုလည်း ယခုအစီအစဉ်တွင် အသုံးပြုနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီမှ တင်သွင်းလာပါက ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ