ဧပြီ ၂၂

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံပေးပြီးနောက် ငါးလအကြာတွင် စတုတ္ထအကြိမ်မြောက်ထိုးနှံပေးရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။

 

ကနဦးအနေဖြင့် ရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများအပါအဝင် ရောဂါလက္ခဏာဆိုးရွားသူများအား ကိုဗစ်ကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက သတင်းထောက်များကို ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးကြိမ်မြောက်နှင့်လေးကြိမ်မြောက်ထိုးနှံမှုကြားကာလသည် ခြောက်လဖြစ်သည်။ အစ္စရေးနိုင်ငံမှအချက်အလက်များကို လေ့လာပြီးနောက် ထိုကာကွယ်ဆေးထိုးနှံမှုကြားကာလကိုလျှော့ချရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်ကာကွယ်ဆေးသုံးကြိမ်မြောက်ထိုးနှံပြီးနောက် ခြောက်လအကြာတွင် ထိုဆေး၏အာနိသင် သိသိသာသာ  ကျဆင်းသွားနိုင်သည်ဟု ၎င်းအချက်အလက်အရသိရသည်။

 

အချို့သောနိုင်ငံများတွင် ကာကွယ်ဆေး သုံးကြိမ်မြောက်ထိုးနှံပေးပြီး လေးလအကြာတွင် လေးကြိမ်မြောက်ထိုးနှံပေးသော်လည်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကမူ ဘေးကင်းလုံခြုံမှုရှိစေရန် ကြားကာလ ငါးလရှိရန်လိုအပ်သည်ဟု ယူဆထားသည်။

 

ထိုကျန်းမာရေးဝန်ကြီးဌာနသည် လာမည့်သီတင်းပတ်တွင် ကျွမ်းကျင်ပညာရှင်များနှင့်၎င်းတို့၏အစီအစဉ်ကို ဆွေးနွေးသွားမည် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို