တိုကျို ဒီဇင်ဘာ ၁၇

 

ဂျပန်နိုင်ငံ တိုကျိုဒေသမြောက်ပိုင်း တိုမီအိုကာမြို့တွင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချသည့်အနေဖြင့် လေထုထဲမှရေငွေ့ကို သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် ကိရိယာကို စတင်စမ်းသပ်သုံးစွဲခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

 

ယင်းမြို့၏ မြို့တော်ခန်းမနှင့် အားကစားရုံတစ်ခုတွင် အဆိုပါကိရိယာ ငါးခုစီကို တပ်ဆင်ခဲ့သည်။ ကိရိယာသည် တစ်နေ့လျှင် သောက်ရေသန့် ၃၃ လီတာကို ထုတ်လုပ်နိုင်သည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှု မည်မျှလျှော့ချနိုင်သည်ကို တာဝန်ရှိသူများက လေ့လာမည်ဖြစ်သည်။

 

ယင်းကိရိယာဖြင့် ရေသန့်ထုတ်လုပ်မှု လုပ်ငန်းတွင် ပလတ်စတစ်စွန့်ပစ်မှု လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရန် အသုံးပြုပြီးသည့် ရေသန့်ပုလင်းများ ကို ပြန်လည်အသုံးပြုမည်ဖြစ်သည်။

 

ထိုကိရိယာဖြင့် မြစ်ရေကိုအသုံး ပြုပြီးရေသန့်ထုတ်လုပ်ပါက တစ်နေ့လျှင် ရေသန့် လီတာ ၆၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ယခုကိရိယာကို သဘာဝဘေးကျရောက်သည့်အချိန်တွင် သုံးစွဲနိုင်ရန် ရည်ရွယ်သည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ