တိုကျို      မတ်       ၁၆

ဂျပန်နိုင်ငံတွင် အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား လူမှုမီဒီယာတွင် သိကျွမ်းခဲ့သည့် ကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းကျောင်းသူအား တိုကျိုမြို့မြောက်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် ပြန်ပေးဆွဲဖမ်းဆီးထားရာမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂမ်မာစီရင်စုတွင်နေထိုင်သည့် ၎င်းကျောင်းသူအား နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရဲများက စုံစမ်းခဲ့ရာမှ တိုကျိုမြို့ တိုရှီမာဒေသရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ တရားခံ ရှီမူရာကန်ဂိုအား ဖမ်းဆီးနိုင်ခဲ့သည်။

တရားခံအမျိုးသားက ၎င်းကျောင်းသူ၏ ချောင်းဆိုးရောဂါအတွက် ကုသရန်ဆေးရှိကြောင်း  အွန်လိုင်းမှ   လိမ်လည်ခေါ်ယူပြီး ဟိုတယ်တွင်   ဖမ်းဆီးထားခဲ့သည်။ ၎င်းကျောင်းသူ၏ မိခင်က လိုက်လံရှာဖွေရာမှတစ်ဆင့် ရဲတပ်ဖွဲ့ဝင်များကို အသိပေးခဲ့ရာ ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။  လူငယ်များအား  အွန်လိုင်းမှ ယခုကဲ့သို့ သွေးဆောင်မှုများ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသဖြင့် စောင့်ကြည့်တားဆီးမှုများကို ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်နေသည်။

အမျိုးသမီးများနှင့် ကလေးများအား ပစ်မှတ်ထားသည့် ဆိုက်ဘာမှုခင်းများကို တိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ