ဇန်နဝါရီ ၈

ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုတွင် ဇန်နဝါရီ ၁ ရက်နေ့က ပြင်းအား ၇ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီအထိ သေဆုံးသူ ၁၆၁ ဦးရှိလာကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ၁၀၃ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၅၆၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဝါဂျီမာနှင့်ဆူဇူမြို့များတွင် လူ ၇၀၊ အန်နာမီဇူမြို့တွင် ၁၁ ဦး၊ နန်နာအိုမြို့တွင် ငါးဦး၊ ဟာကူအီမြို့တွင်းတစ်ဦးနှင့် နိုတိုနှင့်ရှီခါမြို့များတွင် နှစ်ဦးစီသေဆုံးခဲ့သည်။

အီရှီကာဝါစီရင်စု၊ နီဂါတာစီရင်စုနှင့် ဟိုကာအီကူဒေသ၏အခြားဒေသများတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းလျက်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။

ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအနေဖြင့် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ဆီးနှင်းအလေးချိန်ဖြင့် ပြိုကျမှုများဖြစ်ပွားနိုင်သဖြင့် ငလျင်ကြောင့်ပျက်စီးသွားသောအဆောက်အဦများကို ပိုမိုသတိထားကြရန်နှင့် အအေးပိုမိုလာသဖြင့် ကိုယ်ပူရှိန်အလွန်အမင်းကျဆင်းခြင်းမှကာကွယ်ရန် နွေးနွေးထွေးထွေးနေထိုင်ကြရန် ရာသီဉတုဆိုင်ရာအေဂျင်စီက တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို