ဂျပန်နိုင်ငံ၌ နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေကို မေလကုန်အထိ တိုးမြှင့်သတ်မှတ်

တိုကျို ၅  မေ

ဂျပန်နိုင်ငံအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ထားသည့် နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေကို မေ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ယနေ့တွင် တရားဝင်ကြေညာခဲ့သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ကန့်သတ်ထိန်းချုပ်မှုအချို့ကို ဖြေလျှော့ပေးရန်လည်း ပြင်ဆင်လျက်ရှိသည်။

ကူးစက်ရောဂါကျွမ်းကျင်သူများ၏ မေ ၁၄ ရက်ဝန်းကျင်အခြေအနေနှင့် စပ်လျဉ်းသည့် ချင့်တွက်မှုပေါ်မူတည်၍ အစိုးရအနေဖြင့် အရေးပေါ်အခြေအနေကို စောစီးစွာအဆုံးသတ်ရဖွယ် ရှိကြောင်းလည်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ကျန်းမာရေးအဖွဲ့အစည်းသည် ရုန်းကန်နေရသည့် အခြေအနေအောက်တွင်သာ ရှိနေခြင်းကြောင့် လက်ရှိသတ်မှတ်ထားသည့် လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ကျွမ်းကျင်သူများက အလေးထားပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၇၈၉ ဦးနှင့် သေဆုံးသူ ၅၄၉ ဦး ရှိသွားပြီဖြစ်သည်။ ဂျပန်နိုင်ငံ၏ စမ်းသပ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အမှန်တကယ် ကူးစက်ခံရသူအရေအတွက်သည် မြင့်တက်လာဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားသည်။

ဂျပန်ဝန်ကြီးချုပ်သည် ဧပြီ ၇ ရက်က စီရင်စုခုနှစ်ခုတွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဧပြီ ၁၆ ရက်တွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ မေလကုန်အထိ တိုးမြှင့်သတ်မှတ်သည့်ဆုံးဖြတ်ချက်ကိုမူ အစိုးရလုပ်ငန်းအဖွဲ့က ချမှတ်ခဲ့ခြင်းဖြစ်သည်။ နေ့စဉ်ကူးစက်သူ အရေအတွက်သည် ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင်မျှော်လင့်ထားသည့် အဆင့်သို့ မရောက်ရှိသေးကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ရေးတာဝန် ယူဆောင်ရွက်နေသည့် စီးပွားရေး ပြန်လည်ရှင်သန်ရေးဝန်ကြီး ယာဆူတိုရှီနီရှီမူရာက ပြောကြားခဲ့သည်။

မေ ၃၁ ရက် မတိုင်မီ အရေးပေါ်အခြေအနေ ရုပ်သိမ်းနိုင်မည့် အစီအစဉ်များကိုလည်း ကျွမ်းကျင်သူများ အဖွဲ့အနေဖြင့် တတ်နိုင်သလောက် ပြန်လည်စဉ်းစားသင့်ကြောင်း ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် ရည်ရွယ်သည့် အခြေခံလမ်းညွှန်ချက်များကိုလည်း ပြင်ဆင်သတ်မှတ်ရန် စီစဉ်ထားကြောင်းသိရသည်။

ကိုးကား - ဂျပန်တိုင်းမ်၊ အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အလင်းသစ်