တိုကျို ဇူလိုင် ၂၆
ဂျပန်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာပရိုဂရမ်များကို အသုံးပြုသူဦးရေ ပမာဏသည် ပထမဆုံးအကြိမ်အဖြစ် ၅၀ ရာခိုင်နှုန်းကျော်လွန်ခဲ့ကြောင်း အစိုးရ၏ စစ်တမ်းတစ်ခုက ဖော်ပြထားသည်။
ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ယခုနှစ်အတွက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
မတ်လတွင် ကုန်ဆုံးခဲ့သော ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံရှိ လူဦးရေ၏ ၅၈ ဒသမ ၈ ရာခိုင်နှုန်းသည် ဉာဏ်ရည်တုနည်းပညာဝန်ဆောင်မှုများကို အသုံးပြုခဲ့ကြကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါပမာဏသည် ယခင်နှစ်ကထက် နှစ်ဆကျော် ပိုမိုများပြားလာကြောင်း သိရသည်။
လူငယ်များကြားတွင် အသုံးပြုမှုနှုန်း ပိုမိုမြင့်မားသည်ကိုတွေ့ရပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား အသုံးပြုသူ ၉၂ ရာခိုင်နှုန်းနီးပါးနှင့် အသက် ၂၀ ကျော်အရွယ်များတွင် ၇၈ ရာခိုင်နှုန်းခန့် အသုံးပြုကြသည်။
သို့သော် အသက် ၅၀ ကျော် အရွယ်များတွင် ၄၄ ရာခိုင်နှုန်းခန့်နှင့် အသက် ၆၀ ကျော်အရွယ်များတွင် ၃၄ ရာခိုင်နှုန်းခန့်သာလျှင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုကြသည်။
ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှု၏ နိုင်ငံအလိုက် ပျမ်းမျှနှုန်းထားမှာ တရုတ်နိုင်ငံတွင် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့တွင် ၇၅ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။
ဂျပန်ကုမ္ပဏီများအနက် ၆၉ ရာခိုင်နှုန်းခန့်က ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလျက်ရှိသည်။
အဆိုပါပမာဏသည် ယခင်ဘဏ္ဍာနှစ်ကထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
ဂျပန်ကုမ္ပဏီအများစုက ဉာဏ်ရည်တုနည်းပညာကို အစည်းအဝေးမှတ်တမ်းများ ရေးသားခြင်း သို့မဟုတ် အီးမေးလ်များရေးသားခြင်းတို့အတွက် အသုံးပြုကြကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


