အောက်တိုဘာ ၂၇
ဂျပန်နိုင်ငံ၏မြောက်ဘက်ဆုံးအပိုင်းဖြစ်သော ဟော့ကိုင်းဒိုးခရိုင်တွင် သမင်တစ်ကောင်အား ရှောင်တိမ်းမောင်းနှင်ရာမှ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦးသေဆုံးသွားကြောင်း ဒေသန္တရရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါယာဉ်မတော်တဆမှုသည် ဟော့ကိုင်းဒိုးခရိုင် ချီဘတ်ချာမြို့တွင် မီနီဗန်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုရဲတပ်ဖွဲ့က ဆိုသည်။
ထိုယာဉ်မတော်တဆမှုကြောင့် မီနီဗန်ယာဉ်မောင်းနှင့် ထိုကားပေါ်ပါခရီးသည်တစ်ဦးသေဆုံးသွားကြောင်းနှင့် ဒဏ်ရာရရသူသုံးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။ ထရပ်ကားယာဉ်မောင်းမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယင်းမတော်တဆမှုဖြစ်ပွားရာနေရာတွင် သေဆုံးနေသောသမင်တစ်ကောင်ကို တွေ့ရှိခဲ့ပြီး ထိုသမင်ကိုရှောင်တိမ်းမောင်းနှင်ရန်ကြိုးစားစဉ် မျက်နှာချင်းဆိုင်မှလာသောယာဉ်နှင့် ခေါင်းချင်းဆိုင်တိုက်မိဖွယ်ရှိသည်ဟု ယူဆထားသည်။
ဟော့ကိုင်းဒိုးလမ်းမပေါ်တွင် လွန်ခဲ့သောနှစ်က သမင်နှင့်ဆက်စပ်သည့်မတော်တဆမှု ၄၀၀၀ ကျော်ရှိရာ ငါးနှစ်ဆက်တိုက်စံချိန်တင်မြင့်မားခဲ့ကြောင်း ထိုခရိုင်ရဲတပ်ဖွဲ့ကပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို