ဇူလိုင် ၉

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဇူလိုင် ၁၀ ရက်နေ့အတွက် လေယာဉ်ခရီးစဉ် ၅၀ နီးပါးကို ဖျက်သိမ်းလိုက်ကြောင်းနှင့် လေကြောင်းခရီးစဉ်အများစုသည် တောင်ပိုင်းအိုကီနာဝါစီရင်စုမှ ထွက်ခွာရန် သို့မဟုတ် ဆိုက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။

တိုင်ဖွန်းမုန်တိုင်းဘာဗီဝင်ရောက်နိုင်သဖြင့် ဇူလိုင် ၉ ရက်နေ့မှစ၍ လေယာဉ်ခရီးစဉ် ၄၈ ခုကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

အဆိုပါခရီးစဉ်တို့တွင် အိုကီနာဝါစီရင်စုရှိ နာဟာလေဆိပ်၊ မီယာကိုလေဆိပ်နှင့် ပိုင်နုရှီးမား အီရှီဂါကီလေဆိပ်သို့ ဆိုက်ရောက် သို့မဟုတ် ထွက်ခွာပျံသန်းမှုများပါဝင်ပြီး ကာဂိုရှီးမားလေဆိပ်နှင့် ကာဂိုရှီးမားစီရင်စုရှိ ဝေးလံခေါင်သီသော ကျွန်းများပေါ်ရှိ လေဆိပ်များသို့ အသွားအလာ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းထားကြောင်း ဖော်ပြထားသည်။

အခြားလေကြောင်းလိုင်းများကလည်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၎င်းတို့၏ လေယာဉ်ခရီးစဉ်များ ထိခိုက်နိုင်ကြောင်း ပြောကြားထားပြီး နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိနိုင်ရန် ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်များကို စစ်ဆေးကြည့်ရှုကြရန် ခရီးသည်များအား တိုက်တွန်းထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို