တိုကျို ၂၁ ဇွန်

 

စီးပွားရေးသမားများကို ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် အခြေအနေများအောက်တွင် အဆင့် လိုက်သွားလာခွင့်ပြန်လည်စတင်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုတဲဂီ တိုရှိမိဆုက ပြောကြားလိုက်သည်။

 

ဇွန် ၁၉ ရက် အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ပြည်ဝင်ခွင့်များကို အစိုးရက စတင်ကန့်သတ်လိုက်ပြီးနောက် ယခုလို ပြန်လည်ခွင့်ပြုလိုက်ခြင်းသည် ပထမဆုံး ဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် နိုင်ငံနှင့်ဒေသများမှ စီးပွားရေးသမားများကို ပြည်ဝင်ခွင့်ဖြေလျှော့ပေးရန် အစိုးရက ဇွန် ၁၈ ရက်က ဆုံးဖြတ်ခဲ့သည်။ ဂျပန်နိုင်ငံသို့ လာရောက်မည့်သူများသည် မလာခင်နှင့် ဆိုက်ရောက်သည့်အချိန်တွင် ဗိုင်းရပ်စ်ရှိ၊ မရှိစစ်ဆေးရန် လိုအပ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုးမတွေ့ရှိသူများဖြစ်ရမည်ဖြစ်ပြီး တခြားအခြေအနေများနှင့်လည်း ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အပြည့်အဝနီးပါးထိန်းချုပ်နိုင်ခဲ့သည့် ဗီယက်နမ်နိုင်ငံကို မဟာဗျူဟာမြောက် သံတမန်မိတ်ဖက်အဖြစ် ဂျပန်က ရှုမြင်ထားသည်။ ထို့အပြင် ဂျပန်အစိုးရသည် ထိုင်း၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၏ ပြည်ဝင်ခွင့် ကန့်သတ်မှုများကို ဖြေလျှော့ပေးရန်လည်း ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

 

ထိုင်းနိုင်ငံကိုလည်း ပြည်ဝင်ခွင့်ကန့်သတ်မှုများ ဖြေလျှော့ပြီး ပြန်လည်ခွင့်ပြုပေးရန် စဉ်းစားသုံးသပ်လျက် ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောကြားလိုက်သည်။

 

ဂျပန်အစိုးရအနေဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အခြေအနေများကို ပြည့်ပြည့်စုံစုံလေ့လာပြီး ကန့်သတ်မှုများကို ဖြေလျှော့သွားရန် မျှော်လင့်ထားကြောင်း မစ္စတာ မိုတဲဂီက ပြောသည်။

 

အင်န်အိတ်ချ်ကေ