နေပြည်တော်  ၁  ဩဂုတ် 

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့  ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၇၂)ဦးအား Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  All Nippon Airways(ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် တတိယအကြိမ် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သည် ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 

 

ဖော်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင် ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၅၄၆)ဦးအား ကယ်ဆယ်ရေးလေယာဉ် (၃)ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲလျက်   မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ပါ သည်။ ဆက်လက်၍လည်း ဩဂုတ် ၆ ရက်တွင် စတုတ္ထကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)