ဂျပန်နိုင်ငံရဲ့ ပြဋ္ဌာန်းခဲ့ပြီးသော လူဝင်မှုဥပဒေ အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်မလား

၂၁  ဇွန်

အာရှနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် တိုးတက်မှုတွေ တွေ့မြင်နေရသလို ဆုတ်ယုတ်မှုတွေလည်း အတူတကွ ဖြစ်ပေါ်လျက်ရှိပါတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုဆိုတာ အမြဲဒွန်တွဲနေတယ်ဆိုတာ ငြင်းမရပါဘူး။ အာရှနိုင်ငံတွေထဲကမှ ဒီကနေ့ ဂျပန်နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေ တွေ့မြင်နေရသော်လည်း လျော့နည်းသွားတဲ့ လုပ်အားတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လုပ်အားတွေ လျော့နည်းနေတာ ဘာကြောင့်လဲ။ အကြောင်းရှာ အဖြေတွေ့ဆိုသလို လတ်တလောမှာ ဂျပန်နိုင်ငံရဲ့ သက်ကြီးလူဦးရေ တိုးပွားနှုန်းမြင့်တက်လာပြီး အလုပ်သမားရှားပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။

ဖြေရှင်းနေပြီ

ဂျပန်နိုင်ငံအနေနဲ့ လျော့နည်းသွားတဲ့ လုပ်အားနဲ့ တိုးပွားလာတဲ့ ဇရာအိုလူဦးရေတို့ကို ဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေးအပေါ် အပြုသဘောဆောင်တဲ့ အမျိုးသားဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ ကိုကူရှီကန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက သုံးသပ်ထားသလို အခုဆိုရင် ဂျပန်နိုင်ငံဟာ သူ့ရဲ့အလုပ်သမား ရှားပါးမှုကို ဖြေရှင်းနေတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၅၀ဝ၀ဝ၀ ကို လာမည့် ခြောက်နှစ်အတွင်းမှာ ခေါ်ယူနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဥပဒေကို ဂျပန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီဥပဒေဟာ အတိုက်အခံတွေရဲ့ ကန့်ကွက်မှုကို အများဆုံးရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၉ ခုနှစ် ဧပြီလကစပြီး သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

အလုပ်လုပ်ခွင့်ဗီဇာတွေ ထုတ်ပေးမယ်

ဒီဥပဒေရဲ့ အကျိုးဆက်ကြောင့် ဂျပန်နိုင်ငံမှာ အလုပ်သင်ဗီဇာနဲ့ ရောက်ရှိလုပ်ကိုင်နေသူတွေကို ဦးစားပေးအနေနဲ့ အလုပ်လုပ်ခွင့်ဗီဇာတွေ ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။ ၂၀၁၉ ဧပြီလမှ စတင်အသက်ဝင်လာခဲ့တဲ့ ဒီဥပဒေအရ ပထမအသုတ်မှာ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ နိုင်ငံခြားသား အလုပ်သမား ၃၄၀ဝ၀ ကိုခေါ်ယူမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ဂျပန်နိုင်ငံမှာ အလုပ်သင်ဗီဇာနဲ့ အလုပ်လုပ်နေသူတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အခုဆိုရင် သက်ကြီးလူဦးရေ အလွန်များလာတဲ့အတွက် ထုတ်လုပ်နိုင်စွမ်းရှိသူတွေ၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူတွေ အများကြီး လိုအပ်လာပါတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်သမားလိုအပ်ချက်တွေ မြင့်မားလာတာပါတယ်။ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဂျပန်လူဝင်မှု ဥပဒေသစ်အရ ၂၀၁၉ ဧပြီလဆန်းမှစကာ ၂၀၂၅ ခုနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်းမှာ နိုင်ငံခြားသားလုပ်သား ၅၀ဝ၀ဝ၀ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အလုပ်လုပ်နိုင်စွမ်းကျဆင်းလာမယ်

လေ့လာမိသလောက်ဆိုရင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစကာ ဂျပန်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အခုလိုမျိုး လုပ်သားသစ်တွေ ထပ်မံခေါ်ယူပြီး တိုင်းပြည်ရဲ့ ဂျီဒီပီတိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် တိုးတက်မှုနှုန်း ကျဆင်းလာနိုင်ဖွယ် ဖြစ်နေပါတယ်။ ဂျပန်နိုင်ငံရဲ့ ဇရာအိုလူဦးရေဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ တခြားဘယ်နေရာမှာမှ မတွေ့ဘူးသေးတဲ့ ပမာဏနဲ့ မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ လူမှုဖူလုံရေးအဖွဲ့ အမျိုးသားအင်စတီကျု့ (အိုင်ပီအက်စ်အက်စ်)က လက်ရှိ ဂျပန်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေ ၁၂၆ သန်းနဲ့ နှိုင်းစာရင်လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ၁၁၀ ဒသမ ၉၂ သန်းလောက်သာ ရှိတော့မှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ အဲဒီ စုစုပေါင်းလူဦးရေထဲမှာမှ ကုန်ထုတ်လုပ်နိုင်စွမ်း သို့မဟုတ် အလုပ်လုပ်နိုင်စွမ်းပမာဏ အသက် ၁၅ နှစ်မှ ၆၄နှစ်အထိဟာ ပျမ်းမျှအားဖြင့်ပြောရမယ် ဆိုရင် ၅၉ ဒသမ ၇၈ ရာခိုင်နှုန်းနဲ့ အသက်ကြီးပိုင်း ပမာဏ အသက် ၆၅ နှစ်နဲ့ အထက်ဟာ ၃၅ ဒသမ ၃ ရာခိုင်နှုန်းလောက်ရလာမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အိုင်ပီအက်စ်အက်စ်က လာမယ့် ၂၀၆၅ ခုနှစ် မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၈၈ ဒသမ ဝ၈ ရာခိုင်နှုန်းလောက် ဆက်လက်ကျဆင်းလာနိုင်ပါတယ်။ အဲဒီလူဦးရေထဲမှာမှ ကုန်ထုတ်လုပ်နိုင်စွမ်း သို့မဟုတ် အလုပ်လုပ်နိုင်စွမ်းပမာဏ အသက် ၁၅ နှစ်မှ ၆၄နှစ်အထိဟာ ပျမ်းမျှအားဖြင့် ပြောရမယ် ဆိုရင် ၄၅ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အသက်ကြီးပိုင်း ပမာဏ အသက် ၆၅ နှစ်နဲ့ အထက်ဟာ ၃၈ ဒသမ ၄ ရာခိုင်နှုန်းလောက်ရှိမယ်လို့ ဆက်လက်ခန့်မှန်း တွက်ချက်ထားပါတယ်။

ဖြေရှင်းနိုင်မယ်မထင်

ဒါဟာ ကြောက်စရာ ကောင်းပါတယ်။ ခန့်မှန်းထားသလိုသာ ဇရာအိုလူဦးရေ ဆက်တိုက် တိုးတက်မှုတွေ ဖြစ်ပေါ်လာပါက နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေ ကျဆင်းလာနိုင်ခြေရှိပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ အစိုးရတာဝန်ယူပြီးနောက် သူ့ရဲ့ အာဘေးစီးပွားရေး တိုးတက်မှု မဟာဗျူဟာကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ သို့သော်လည်း လူဦးရေလျော့နည်းကျဆင်းလာမှုဟာ ဂျပန်နိုင်ငံအတွက် အဓိကစိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါတယ်။

ဂျပန်နိုင်ငံဟာ လူဦးရေလျော့နည်းကျဆင်းနေတာတောင် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ဖို့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်လူရွယ်တွေဟာ ပြေးလွှားရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံခြား လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးပြုမှုဟာ မြင့်တက်လာပြီး ၎င်းနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေဟာလည်း လျင်လျင်မြန်မြန်ပဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဂျပန်အစိုးရဟာ သူ့ရဲ့ နိုင်ငံခြားသားအလုပ် သမားတွေကို အလှည့်ကျစနစ်နဲ့ လက်ခံတဲ့အခြေအနေကို တိုးမြင့်ခဲ့ပါတယ်။ အလှည့်ကျစနစ်နဲ့ လက်ခံတဲ့ အလုပ်သမားတွေဟာ လတ်တလော လုပ်သားအင်အား ပြတ်လပ်မှုကို ခဏတာ သက်သာစေနိုင်သော်လည်း ရေလတ်နဲ့ ရေရှည် ကာလတွေမှာ လူဦးရေလျော့နည်းမှုကို ဖြေရှင်းနိုင်မယ် မထင်ပါဘူး။

ရွှေ့ပြောင်းအခြေချသူတွေကို ပိုမိုလက်ခံခြင်းကို အစိုးရကော်မတီမှာ ၂၀၁၄ ခုနှစ် ဇွန်လမှာ ဆွေးနွေးခဲ့သော်လည်း အာဘေးအစိုးရဟာ နိုင်ငံခြားသား လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးပြုခြင်းဟာ လုံးဝပြည့်စုံမှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ သူ့ရဲ့လူဦးရေကို လာမည့် နှစ် ၅၀ အတွင်းမှာ သန်း ၁၀ဝ လောက်မှာပဲ ရှိစေချင်တာပါ။ အဲဒီရည်မှန်းချက်ကိုရောက်ဖို့ အစိုးရရဲ့ခန့်မှန်းခြေဟာ ဘာကိုညွှန်ပြသလဲဆိုတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကလေးမွေးဖွားနှုန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိရမှာဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်မှာတော့ ကလေးမွေးဖွားနှုန်းဟာ ၂ ဒသမ ဝ၇ ရာခိုင်နှုန်းအထိ ရောက်ရမယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း အမှန်စင်စစ် ၂၀၁၆မှာတော့ ကလေးမွေးဖွားနှုန်းဟာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာလည်း ကလေးမွေးဖွားနှုန်းဟာ ထင်သလောက် တက် မလာခဲ့ပါဘူး။

ရှာဖွေနေ

ဂျပန်နိုင်ငံအတွက်မူ အမျိုးသားသန်းခေါင် စာရင်းအရ ၂၀ဝ၀-၂၀၁၅ခုနှစ်အထိ ဂျပန်နိုင်ငံ သားတွေဟာ ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သော်လည်း ရွှေ့ပြောင်းအခြေချနေထိုင်သူ တွေဟာ ၃၃ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အခုဆိုရင် တစ်ဖက်ကလည်း နိုင်ငံခြားလုပ်သားတွေခေါ်ယူပြီး ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ၊ အခြားကဏ္ဍတွေ တိုးတက်လာအောင် အကောင်အထည်ဖော်လာသလို တစ်ဖက်မှာလည်း ဂျပန်အစိုးရဟာ သူ့ရဲ့ အစီအစဉ်ဖြစ်တဲ့ ကလေးမွေးဖွားနှုန်း မြင့်တက်လာအောင် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

ကလေးမွေးဖွားနှုန်း မြင့်လာလေလေ အသက်ကြီးလူဦးရေ တိုးပွားလာမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေးလေလေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရဟာ သူ့ရဲ့ အနာဂတ် ကလေးငယ်တွေအတွက် တာဝန်ရှိသလို ဂျပန်လူ့အသိုင်းအဝိုင်းထဲသို့ ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရဟာ သူ့ရဲ့ အစိုးရမူဝါဒတွေကို အဘက်ဘက်မှထိန်းညှိရင်း လူဦးရေ လျော့နည်းကျဆင်းလာမှုကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ ။

ထွန်းသစ်

ကိုးကား - ချန်နယ်နယူးအေးရှ