(၁၉-၁၁-၂၀၂၀ ရက်၊ တိုကျို)
၁။ မြန်မာသံရုံး၊ တိုကျိုမြို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများ ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၁၃)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ် ညှိနှိုင်းစီစဉ်ပေးခဲ့ရာ အဆိုပါ လေယာဉ်ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ (၁၉-၁၁-၂၀၂၀) ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁၁၃၅ နာရီတွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
၂။ (၁၃) ကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီပြန်လည် မထွက်ခွာနိုင် သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၁၄၀) ဦး လိုက်ပါသွားခဲ့ကြသည်။
၃။ ထို့ပြင် မြန်မာနိုင်ငံရှိဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံပညာရှင်/ ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း (၂၀)ဦး တို့လည်း လိုက်ပါသွားကြသည်။
၄။ (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံမှူးကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


