တိုကျိုမြို့ ၁ အောက်တိုဘာ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် All Nippon Airways (ANA)၏ (၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။

 

(၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ ကျန်းမာရေးအရ ပြန်လိုသူများ၊ အလုပ်သင်သင်တန်း ပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာရန် အကြောင်းကြားထားသူများ၊ Certificate of Identity ဖြင့် ပြန်လည်ထွက်ခွာသူများနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ စုစုပေါင်း (၁၅၈) ဦး လိုက်ပါသွားခဲ့ကြပါသည်။ ယနေ့ ကယ်ဆယ်ရေးလေယာဉ်တွင် ဥရောပဆိပ်ကမ်းများမှ မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသား (၁၀) ဦးနှင့် သီရိလင်္ကာနိုင်ငံမှ အထွေထွေ‌ရွေးကောက်ပွဲ လေ့လာသူတစ်ဦးတို့လည်း ပါရှိပါသည်။

 

ထို့အပြင်၊ ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတံတား တည်ဆောက်ရေး စီမံကိန်း (၁) နှင့် (၂)၊ အရှေ့-အနောက် စီးပွားရေး စင်္ကြန်စီမံကိန်း၊ ရန်ကုန်မြို့တော် ရေ‌ပေးဝေရေး စီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းနှင့် ဆက်သွယ်ရေး ကွန်ယက်စီမံကိန်းတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူများနှင့် ရန်ကုန်မြို့၊ ဂျပန်သံရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၁) ဦးတို့လည်း လိုက်ပါသွားကြပါသည်။

 

(၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways ရုံးချုပ်မှ Senior Vice President Mr. ISHIDA Yohei နှင့် လေဆိပ်ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Credit> Ministry of Foreign Affairs Myanmar