၁၁ အောက်တိုဘာ
အင်အား ပြင်းထန်သည့် တိုင်ဖွန်း ဟာဂီးဘီးစ် (Hagibis)သည် ဂျပန်နိုင်ငံအရှေ့ပိုင်းမှ ကုန်းတွင်းပိုင်းသို့ အောက်တိုဘာ ၁၂ ရက်တွင် စတင်ဝင်ရောက်ရန်ရှိပြီး၊ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ ၁၄၀ ကီလိုမီတာ ရှိလာနိုင်သဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးရုံးများနှင့် ဂျပန်နိုင်ငံ၏သဘာဝဘေးအန္တရာယ် အေဂျင်စီများ မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြပါရန် တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့အပြင် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ အကူအညီပေးနိုင်ရေးနှင့် ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံးကစီစဉ် ဆောင်ရွက်ထားသည့် "on line" သတင်းပို့မှု (http://www.myanmar-embassy-tokyo.net/2016/report/) စနစ်ဖြင့် ဆက်သွယ် သတင်းပို့ထားကြပါရန် မေတ္တာရပ်ခံထားသည်။
ယင်းအပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မမျှော်လင့်သည့် သဘာဝဘေးအန္တရာယ် အခက်အခဲများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီသံရုံးမှ ကူညီဆောင်ရွက်ပေးနိုင်ရန် သံရုံး၏ ဖုန်းနံပါတ်- ဝ၃ ၃၄၄၁ ၉၂၉၁ သို့ လည်းကောင်း၊ အရေးပေါ် ဖုန်းနံပါတ်- (+ ၈၁) ဝ၇၀ ၄၄၁၃ ၇၃၈၃ သို့ လည်းကောင်း၊ သံရုံး အီးမေးလ်- contact@ myanmar-embassy-tokyo.net အား လည်းကောင်း ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


