ရန်ကုန် ၁  အောက်တိုဘာ

 

ဂျပန်နိုင်ငံရှိ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ( JMA) က မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း (Mask) များထောက်ပံ့ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။

 

ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ၊ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများအတွက် ရည်ရွယ်ကာ နှာခေါင်းစည်း   အခုရေ ၃၀၁၀၀၀ ထောက်ပံ့လှူဒါန်းသည့် အစီအစဉ်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းထောက်ပံ့မှု ပစ္စည်းများအား တိုကျို-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ပထမ အကြိမ်အဖြစ်လည်းကောင်း၊ ယနေ့ခရီးစဉ်တွင် ဒုတိယ အကြိမ်အဖြစ်လည်းကောင်း သယ်ဆောင်လာခြင်း ဖြစ်သည်။

 

ယနေ့ ညနေပိုင်းတွင် အဆိုပါ လှူဒါန်းမှု အစီအစဉ်အရ ဂျပန်နိုင်ငံရှိ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်၊ JOP  ဥက္ကဋ္ဌ ဖြစ်သူ Mr. Tsuda Shunji က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့လှူဒါန်းသည့် နှာခေါင်းစည်း   အခုရေ  ၉၉၀၀၀ ကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ကလက်ခံရယူသည်။

 

mdn

 

ယနေ့ လှူဒါန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က “ JMA အနေနဲ့ နှာခေါင်းစည်း   အခုရေစုစုပေါင်း ၃၀၁၀၀၀ လှူဒါန်းတာ ဖြစ်ပါတယ်။ သံရုံးကနေတစ်ဆင့် ပေးပို့လာတာပါ။ အဓိကအားဖြင့် နယ်ဝေးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့  ဝန်ထမ်းတွေအတွက် အသုံးပြုဖို့ပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်အောင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ကျွန်တော်တို့ နိုင်ငံကို ထောက်ပံ့မှုတွေ အများကြီးပေးထားပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင် ဝမ်းမြောက်မိပါတယ် ’’ဟုပြောသည်။

 

အလားတူ ဂျပန်နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉   ကပ်ရောဂါ မဖြစ်ပွားမီ အချိန်ကာလတွင် တုပ်ကွေးရောဂါ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တုပ်ကွေးရောဂါ ရှာဖွေရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေနိုင်ရေးအတွက် ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲရှာဖွေမှုပြုလုပ်ရာတွင် အဓိက လိုအပ်သည့် ဆေးရည်များ ရရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့အပြင် JICA အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ တုန့်ပြန် ဆောင်ရွက်ရေးအတွက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်