မတ် ၄

ဂျပန်နိုင်ငံရှိ အကြီးစားကုမ္ပဏီများ၏ ၉၂ ရာခိုင်နှုန်းသည် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံလျက်ရှိသည်ဟု အင်န်အိတ်ချ်ကေကပြုလုပ်သော စစ်တမ်းအရ သိရသည်။

နိုင်ငံအတွင်း လူဦးရေလျော့နည်းလာခြင်းနှင့် အသက်ကြီးလူဦးရေ များလာခြင်းကြောင့် အလုပ်သမား လုံလောက်မှုမရှိခြင်း၊ အထူးကျွမ်းကျင်မှုများရှိသူများကို လိုအပ်နေခြင်းကဲ့သို့သော အကြောင်းရင်းများကို ၎င်းတို့က ကိုးကားဖော်ပြခဲ့သည်။

ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ပြည်တွင်းကုမ္ပဏီကြီး ၁၀၀ တွင် စစ်တမ်းကောက်ယူခဲ့ရာ  ၇၈ ခုက တုံ့ပြန်ခဲ့သည်ပြီး သုံးပုံနှစ်ပုံနီးပါးက အထူးကျွမ်းကျင်မှုနှင့် နည်းပညာများကို လုံခြုံစေရန်နှင့် ကွဲပြားသောလုပ်သားအင်အားမှတစ်ဆင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် နိုင်ငံခြားလုပ်သားများကို လက်ခံကြောင်း ပြောကြားခဲ့သည်။

အခြားအကြောင်းရင်းများတွင် အလုပ်သမားရှားပါးမှုကို တုံ့ပြန်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အားကောင်းစေခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ဂျပန်ဘာသာစကားနှင့် အလုပ်အကိုင်သင်တန်းစနစ်များ တိုးတက်ကောင်းမွန်လာစေရန် ၅၁ ရာခိုင်နှုန်းက ဖော်ပြခဲ့ပြီး ၃၈ ရာခိုင်နှုန်းက နိုင်ငံခြားသားဝန်ထမ်းများအတွက် ဗီဇာနှင့် နေထိုင်ခွင့်အဆင့်အတန်းရရှိရန် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် ထောက်ပြခဲ့သည်။

ကုမ္ပဏီသုံးပုံတစ်ပုံခန့်က နိုင်ငံခြားလုပ်သားများအတွက် အလုပ်အကိုင်လမ်းကြောင်းများ တိုးတက်ကောင်းမွန်လာစေရန် ပြဿနာတစ်ခုအဖြစ် မြင်ကြပြီး ၂၉ ရာခိုင်နှုန်းက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ပံ့ပိုးပေးရန် အလေးပေးဖော်ပြခဲ့ကြသည်။

ကန်ဆိုင်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်မှ ယာယီပါမောက္ခ မန်ဂျူ တိုရှီဟီရိုက ဂျပန်နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ်အတွက် အာရှနှင့် ဥရောပရှိ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဂျပန်ဝန်ထမ်းများကဲ့သို့ပင် နိုင်ငံခြားသား အလုပ်သမားများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်ရန် အရေးကြီးကြောင်းနှင့် အစိုးရ သို့မဟုတ် ကုမ္ပဏီအနေဖြင့် ၎င်းတို့အား ဂျပန်ဘာသာစကား သင်ကြားပေးအပ် တာဝန်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို