၁ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုတို့ကြောင့် လူပေါင်း ၅၀ဝ၀ဝ ကျော် အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည်ဟု ဂျပန်အလုပ်သမား ဝန်ကြီးဌာနက ဆိုသည်။

 

 

ထိုဝန်ကြီးဌာနက ရောင်းအား ကျဆင်းမှုနှင့်အတူ လုပ်ငန်းရှင်များ ရုန်းကုန်လှုပ်ရှားနေရသဖြင့် ၎င်းတို့၏ အလုပ်သမားများကို အလုပ်ဖြုတ်ခြင်း သို့မဟုတ် သဘောတူစာချုပ် သက်တမ်းများ တိုးမြှင့်ခြင်းကို ငြင်းဆန်ခြင်း စသည့်ကိစ္စရပ်များကို မေးမြန်းစုံစမ်းခဲ့သည်။

 

 

ဇန်နဝါရီလမှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လူဦးရေ ၅၀၃၂၆ ဦး အလုပ်လက်မဲ့ ဖြစ်လာသည်ကို တွေ့ရှိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုနှင့် ဆက်စပ်သော အလုပ်အကိုင် ဆုံးရှုံးမှု အရေအတွက်သည် မေလ ၂၂ ရက်နေ့တွင် ၁၀ဝ၀ဝ အထိ မြင့်တက်လာသည်။

 

 

ဇူလိုင် ၁ ရက်တွင် အလုပ်လက်မဲ့ ဦးရေ ၃၀ဝ၀ဝ ကျော်ရှိပြီး ဇူလိုင် ၂၉ ရက်တွင် အလုပ်လက်မဲ့ ဦးရေ ၄၀ဝ၀ဝ ကျော် ရှိလာသည်။

 

 

ထိုဝန်ကြီးဌာနက အစိုးရ ထောက်ပံ့ငွေ အစီအစဉ်များ အသုံးပြုကာ အလုပ်များ ဆက်လက် လုပ်ဆောင်သွားရန် စီးပွားရေး လုပ်ငန်းများကို တိုက်တွန်း ပြောကြားထားပြီး အလုပ်သစ်များ ရှာဖွေကာ အလုပ်လက်မဲ့များကို ကူညီသွားရန်လည်း စီစဉ်ထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို