၈ သြဂုတ်
Miss Myanmar International ပြိုင်ပွဲများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပခဲ့ပြီး ဆုရရှိသည့် ပြိုင်ပွဲဝင်များကို နိုင်ငံတကာအဆင့် Miss International ပြိုင်ပွဲများသို့ စေလွှတ်ခဲ့ရာ ယခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၌ကျင်းပမည့် Miss International 2018 ပြိုင်ပွဲကြီးသို့လည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် Miss Myanmar International ဆုရ မေယုခတ္တာကို စေလွှတ်သွားရန်ရှိကြောင်း သိရ၍ မေယုခတ္တာနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး - Miss Myanmar International 2018 ဆုကို ရရှိခဲ့တဲ့အတွက် ညီမရဲ့ခံစားချက်ကို ပြောပြပေးပါဦး။
ဖြေ - ဟုတ်ကဲ့ပါ၊ ညီမဒီဆုကိုရခဲ့လို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီဆုကိုရရှိခဲ့တာ ညီမဘဝရဲ့ လျှောက်လှမ်းရမယ့်လမ်းမှာ အောင်မြင်မှုမှတ်တိုင်တစ်ခု အစပြုခဲ့တာလို့လည်း ခံစားရပါတယ်ရှင်။
မေး - ပြည်ပပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ - လာမယ့် အောက်တိုဘာ ၂၀ ရက်က စပြီး ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ Camp ကာလကတော့ သုံးပတ်ပါ။ Final ကတော့ နိုဝင်ဘာ ၃ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြိုင်ရမှာပါ။ အဲဒီပြိုင်ပွဲကြီးအတွက် အခုအချိန်ကစပြီး ညီမ ကြိုးစားပြင်ဆင်နေရပါတယ်။
မေး - ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - ဒီပွဲက အဓိက ခရီးသွားကဏ္ဍမြှင်တင်တာ လုပ်တဲ့ပွဲလည်းဖြစ်နေတော့ ညီမအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာသိအောင် ချပြနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့အတွက် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကိုကမ္ဘာကသိအောင် ချပြသွားဖို့ ပြင်ဆင်နေပါတယ်။ Talent ပိုင်းအနေနဲ့ကတော့ ညီမတို့ယဉ်ကျေးမှုနဲ့ ဂျပန်နိုင်ငံနဲ့ကိုက်ညီမယ်ထင်တဲ့ ပြသမှုမျိုးကို ရွေးချယ်ပြသဖြစ်မှာပါ။
မေး - Miss ပြိုင်ပွဲတွေဆိုရင် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတာမျိုး ရှိတတ်တော့ ညီမအနေနဲ့ ဝေဖန်ခံခဲ့ရရင် ဘယ်လိုရင်ဆိုင်သွားမလဲ။
ဖြေ - ညီမကို ဝေဖန်လာရင် ညီမကို ချစ်လို့ဝေဖန်တယ်လို့ပဲ သဘောထားသွားမှာပါ။ ညီမမှာ လိုအပ်ချက်တွေရှိနေလို့ ဝေဖန်တယ်လို့ပဲယူဆပြီး ညီမဘက်က ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်သွားမှာပါ။ ဒါပေမယ့် ပရိသတ်ကို ကောင်းမွန်တဲ့ပုံရိပ်တွေ ချပြနိုင်ဖို့အတွက် ညီမအမြဲကြိုးစားနေပါတယ်။
ဒါကြောင့် ဝေဖန်တာထက်စာရင် ညီမကိုချစ်ပေးကြဖို့ ပြောချင်ပါတယ်။
ကျင်းပပြီးစီးခဲ့သည့် Miss Myanmar Interantional ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်တွင် ဩဂုတ် ၆ ရက်က ကျင်းပခဲ့ပြီး Winner ဆုရှင်ဖြစ်သူ အလှမယ် မေယုခတ္တာအား ဆုကြေးငွေကျပ်သိန်း ၁၀ဝ ၊ 1st Runner ဆုရှင် အလှမယ် ပိုးအိဇင်အား ကျပ်သိန်း ၆၀ နှင့် အခြားဆုများ၊ 2nd Runner ဆုရှင် အလှမယ် နေချစ်ထက်အား ဆုကြေးငွေကျပ် သိန်း ၄၀ ၊ Miss Popular ဆုရှင် အလှမယ် ရွှန်းယမုံအား ဆုကြေး ကျပ်ငါးသိန်း ၊ Miss Photogenic ဆုရှင် အလှမယ် ဖြိုးပပထူးအား ဆုကြေးငွေ ကျပ် ငါးသိန်း၊ Miss Congentiality ဆုရှင် အလှမယ် ခင်စကားဝါဝင့်အား ဆုကြေးငွေ ကျပ်ငါးသိန်းတို့ကို ချီးမြှင့်ခဲ့သည်။
ကိုလင်း