တိုကျို မေ ၁၃

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို လာမည့်လအစောပိုင်းတွင် ဆောင်ရွက်မည်ဟု သိရသည်။ 


မြောက်ကိုရီးယားနှင့် အခြားကမ္ဘာ့နိုင်ငံများအား ရင်ဆိုင်ရန်အတွက် ဂျပန်နှင့် တောင်ကိုရီးယားအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ယခုပူးတွဲစစ်ရေး လေ့ကျင့်မှုဖြင့် မြှင့်တင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

ယခုဆောင်ရွက်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ယခုလနှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေး စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။ သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ယခင်ကဆောင်ရွက်ခဲ့သော်လည်း ၎င်းစစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် သီးခြားစီသာလေ့ကျင့်ခဲ့ကြသည်။

 ယခုဆောင်ရွက်မည့်သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေးစစ်ရေးလေ့ကျင့်မှုတွင် ဆူနာမီမုန်တိုင်းကျရောက်နေစဉ် တောင်ကိုရီးယားကမ်းတက်တပ်ဖွဲ့ဝင်များက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ မော်တော်ဘုတ်များတွင် လိုက်ပါစီးနင်းပြီးရှာဖွေကယ်ဆယ်ရေး တာဝန်ထမ်းဆောင်ခြင်းကို လေ့ကျင့်မည်ဖြစ်သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများသည် ပြီးခဲ့သည့်နှစ်ဇူလိုင်လက စစ်ရေးပူးတွဲလေ့ကျင့်ခြင်းနှင့် သတင်းအချက်အလက်များမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်သဘောတူခဲ့သည်။ ဂျပန်နှင့်တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်လာစေရေးအတွက် အကျိုးကျေးဇူးများရှိလာမည်ဟု ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ