တိုကျို မတ် ၂၇

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကယ်လာစ်တို့က ဂျပန်နှင့် ဥရောပသမဂ္ဂတို့အကြား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးပွဲများ ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။

 

၎င်းတို့က ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ - ၇) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။

 

ဂျပန်နိုင်ငံနှင့် အီးယူသည် ယုံကြည်စိတ်ချရသော မဟာဗျူဟာမိတ်ဖက်များအဖြစ် ပိုမိုပြင်းထန်သော လုံခြုံရေးပတ်ဝန်းကျင်တွင် အနီးကပ်ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီ မတ်ဆုက ပြောကြားခဲ့သည်။

 

စီးပွားရေးနှင့် ကုန်သွယ်မှုတွင်သာမက နိုင်ငံရေးနှင့် လုံခြုံရေး နယ်ပယ်များတွင်လည်း ဂျပန်-အီးယူ ဆက်ဆံရေးကို ပိုမိုမြှင့်တင် ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့ပြင် ကာကွယ်ရေးစက်မှု လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းဖြစ်စေလိုကြောင်း ၎င်းကပြောကြားသည်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကယ်လာစ်တို့က အင်ဒို-ပစိဖိတ်ဒေသတွင်း အခြေအနေများနှင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ပြီး နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန်လည်း သဘောတူညီခဲ့ကြသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်