ရန်ကုန် ၂၄ ဇန်နဝါရီ
ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) တွင် ဂျပန်ဖောင်ဒေးရှင်းရုံးခွဲ (၂၅) ခုမြောက် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တို့တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ဂျပန်ဖောင်ဒေးရှင်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး မစ္စတာ အိီကျိယိုမာဒိုယာမနှင့် ဂျပန်ဖောင်ဒေးရှင်းမှ မစ္စတာတိုမိုးယူကီဆာကူးရာအိ၊ ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာအဖွဲ့ဝင်ဖြစ်သော ဒေါ်လဖိုင်ဆန်းယောတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။ ဆက်လက်၍ မြန်မာ-ဂျပန် ဂီတပွဲတော်တွင် ဖျော်ဖြေခဲ့သူ လေးဦးမှ တူရိယာတို့ဖြင့် ဖျော်ဖြေခဲ့သည်။
ယခုဖွင့်လှစ်သောဂျပန်ဖောင်ဒေးရှင်းသည် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသောရုံးခွဲ (၂၅) ခု မြောက်ဖြစ်ပြီး ဂျပန်ဘာသာစကားနှင့် ဂျပန်ယာဉ်ကျေးမှုကို လေ့လာစုဝေးရာ နေရာတစ်ခုအဖြစ် ဖော်ဆောင်ခြင်းဖြစ်ရာ မတ်လပိုင်းမှစ၍ လွတ်လပ်စွာ လာရောက်လေ့လာနိုင်ပြီဖြစ်သည်။ ဂျပန်ဖောင်ဒေးရှင်းအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရေး တည်ဆောက်ရာတွင် ယဉ်ကျေးမှုနှင့် အနုပညာမှတစ်ဆင့် ချစ်ကြည်ရေး တည်ဆောက်ရန်ရည်ရွယ်၍ တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂျပန်အစိုးရမှ ရန်ပုံငွေအပြည့်အဝ ထောက်ပံ့ပေးထားကြောင်း သိရသည်။
ဂျပန်ယဉ်ကျေးမှုနှင့် စာပေကို စိတ်ဝင်စားသော လူငယ်များ လွယ်ကူစွာ ဝင်ထွက် သွားလာလျက် ယဉ်ကျေးမှုနှင့် အတွေးအခေါ်များကို အပြန်အလှန် ဖလှယ်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဂျပန်စာပေကို စိတ်ဝင်တစား လေ့လာနေသော ကျောင်းသားများအတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုခွင့် ရရှိမည်ဖြစ်ကာ ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားသော ကာတွန်းသရုပ်ဆောင်များ၊ အခြားဇာတ်ဆောင်များနှင့် အကြောင်းကို လေ့လာနိုင်ပြီး ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရေနွေးကြမ်းဖြင့် ဧည့်ခံသည့်နည်းပညာကိုလည်း စာတွေ့နှင့်အတူ လက်တွေ့ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မတ်လမှစ၍ ဂျပန်ဖောင်ဒေးရှင်းရုံးအား ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သရုပ်ပြပွဲနှင့် ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ -သန်းစိုး - သန်းထိုက်