ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အရှေ့အလယ်ပိုင်းဒေသ၌ တာဝန်များ စတင်ထမ်းဆောင်

တိုကျို ၂၂ ဇန်နဝါရီ 

ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းလှည့်လေယာဉ်တပ်ဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသ၌ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရယူနိုင်ရေး စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်က ဂျပန်မှ ထွက်ခွာလာသည့် P 3C အမျိုးအစား ကင်းလှည့်လေယာဉ်နှစ်စင်းသည် ဆိုမာလီယာ ကမ်းလွန်၌ ပင်လယ်ဓားပြနှိမ်နင်းရေးတာဝန်ကို ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့နေရာတွင် အစားထိုးတာဝန်ယူလိုက်ပြီဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အဆိုပါ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဂျီဘူတီ၌ အခြေစိုက်ထားပြီး ထောက်လှမ်းရေးဆိုင်ရာအချက်အလက်များ စုဆောင်းရယူမှုအပြင် ဂျပန်နှင့်ကူးလူးဆက်ဆံနေသည့် ဒေသတွင်း ကုန်သွယ်ရေကြောင်း ရေယာဉ်များ ဘေးကင်းလုံခြုံစေရေးအတွက် သတင်းစုဆောင်းမှုတာဝန်များကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

ယခုအစီအစဉ်သည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ နိုင်ငံရပ်ခြားသတင်းထောက်လှမ်းမှုဆိုင်ရာ အချက်အလက်စုဆောင်းသည့် ပထမဆုံးကာလရှည်အစီ အစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။

စုံစမ်းထောက်လှမ်းမှုအတွင်း ပါဝင်ရန်အတွက် ဖျက်သင်္ဘောတစ်စင်း ဖေဖော်ဝါရီလအစောပိုင်းတွင်ဂျပန်မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ