တိုကျို၊ ဧပြီ ၂၃
ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသား ကလေးငယ် ၈၀၀၀ ကျော်မှာ မသင်မနေရ ပညာရေးကို မရရှိကြောင်း အစိုးရစစ်တမ်းတစ်ခု၌ တွေ့ရှိသည်ဟု ဆိုသည်။
ဂျပန်ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း ကျောင်းနေအရွယ် နိုင်ငံခြားသားကလေးငယ်များနှင့် ပတ်သက်ပြီး ပညာရေးဘုတ်အဖွဲ့များကို နှစ်စဉ်စစ်တမ်း ကောက်ယူလျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် မေလအထိကောက်ယူရရှိသော နောက်ဆုံးစစ်တမ်းတွင် မူလတန်း သို့မဟုတ် အလယ်တန်းမှ နိုင်ငံခြားသား ကလေးငယ် ၁၃၆၉၂၃ ဦးမှာ နေထိုင်သူများအဖြစ် စာရင်းသွင်း ခဲ့ကြကြောင်း ဖော်ပြထားသည်။
အဆိုပါ ကလေးငယ်များထဲမှ ၈၁၈၃ ဦးမှာ ကျောင်းတက်ရောက်ခြင်း သို့မဟုတ် ၎င်းတို့၏ ပညာရေး အဆင့်အတန်းကို အတည်ပြုထားနိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါအရေအတွက်သည် ယခင် စစ်တမ်းကောက်ယူမှုထက် ၁၈၀၀ ခန့် ကျဆင်း လာကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် နေထိုင်သော အချို့နိုင်ငံခြားသားများသည် ကလေးငယ်များ အခမဲ့စာသင်ကြား နိုင်သည်ကို မသိရှိကြကြောင်း ဝန်ကြီးဌာနကပြောသည်။ ဂျပန်လူမျိုးမဟုတ်သော နေထိုင်သူများ ထံသို့ သတင်းအချက်အလက်ပေးရန် ဒေသဆိုင်ရာ တာဝန်ရှိသူများကို အဆိုပါဝန်ကြီးဌာနက တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ