နေပြည်တော် ၂၀ ဒီဇင်ဘာ
ဂျပန်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနှင့် စတင်ပြသခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲက နေ ပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး (ကိုယ်စား) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် တက်ရောက်အမှာစကားပြောကြားသည်။
“ရုပ်ရှင်အနုပညာသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံတို့ မိုင်ထောင်ချီပြီး ဝေးကွာသော်လည်း၊ ဘာသာစကား ကွဲပြားခြားနားသော်လည်း ခံစားနားလည်နိုင်ပြီး ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင် ပေးနိုင်ပါတယ်၊ ဒါကြောင့် ရုပ်ရှင်ပွဲတော်များ ကျင်းပမှုနဲ့အတူ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှုအပါအဝင် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်တာ၊ စီးပွားရေးရာ ဆက်သွယ်ဆောင်ရွက်မှုတွေ ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်တာ၊ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင် တိုးတက်ဖော်ဆောင်နိုင်တာတွေကို တစ်ဆက်တည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်” ဟု ဦးရဲနိုင်က ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Mr.MAEDA Toru က အမှာစကားပြောကြားသည်။ ထို့နောက် ဂျပန်ဒါရိုက်တာ Akio Fujimoto ၏ ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သည့် “Passage of Life”ရုပ်ရှင် ဇာတ်ကားကို ပြသရာ ပရိသတ်များ ရုံပြည့်တက်ရောက် အားပေးကြည့်ရှုကြသည်။ ၎င်းဇာတ်လမ်းအကျဉ်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဗီဇာမပါဘဲ ရွှေ့ပြောင်းနေထိုင်သည့် မြန်မာမိသားစု၏ ၂၀၁၀ ခုနှစ် ဝန်းကျင်မှ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်လမ်းတွင် မြန်မာမိသားစုသည် အမိနိုင်ငံ ပြန်ရမည့် နေ့/ရက်ကို မျှော်မှန်းရင်း ရုန်းကန် လှုပ်ရှားနေရပုံ၊ မိမိတို့ ဘယ်နိုင်ငံနဲ့ သက်ဆိုင်လဲ ဝေခွဲရခက်နေပုံများကို ဖော်ကြူးထားသည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၂၁ ရက်၌ ရုံဝင်ကြေးအခမဲ့ဖြင့် ဆက်လက်ပြသမည်ဖြစ်ရာ မွန်းလွဲ ၁ နာရီခွဲတွင် ဒါရိုက်တာ Inudo Isshin ၏ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သော “Samurai Shifters”ကို ပြသမည်ဖြစ်သည်။ ၎င်းဇာတ်လမ်းအကျဉ်းမှာ ရှေးခေတ်ဂျပန်နိုင်ငံမှ နယ်စားကြီးတစ်ဦးကို နယ်ခြားသို့ ပြောင်းရွှေ့မိန့်ထုတ်ပြန်ခဲ့ပုံနှင့် ၎င်းပြောင်းရွှေ့ရေးကိစ္စကို စာကြမ်းပိုးအဖြစ် ထင်ရှားသည့် စာကြည့်တိုက်မှူးမှ တာဝန်ယူဆောင်ရွက်ရပုံကို အခြေခံပြီး ရိုက်ကူး တင်ဆက်ထားသည်။
ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ဒါရိုက်တာ Suzuki Masayuki ရိုက်ကူးပြီး ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သော “Masquerade Hotel”ဇာတ်ကားကို ပြသမည်ဖြစ်သည်။ ၎င်း ဇာတ်လမ်းအကျဉ်းမှာ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲ၏ ပထမတွဲဖြစ်ပြီး စုံထောက်တစ်ဦးက ဟိုတယ်ဝန်ထမ်းအယောင်ဆောင်ပြီး လူသတ်မှုကွင်းဆက် စုံစမ်းဖော်ထုတ်ပုံကို တင်ဆက်ထားသည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ် ကမ္ဘာတစ်ဝှမ်းတွင် မကြာမီက ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား(၁၁) ကားကို အခမဲ့ပြသမည်ဖြစ်ရာ ၎င်းတွင် နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ရုပ်ရှင်ဇာတ်ကား(၃)ကား၊ ရန်ကုန်မြို့ရှိ နေပြည်တော်၊ JCGV(Junction City)နှင့် မင်္ဂလာ (တာမွေ) ရုပ်ရှင်ရုံများတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်ထိ ရုပ်ရှင်ဇာတ်ကား (၁၀)ကား၊ မန္တလေးမြို့ရှိ ဝင်းလိုက်ရုပ်ရှင်ရုံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရုပ်ရှင်ဇာတ်ကား(၆)ကား ပြသမည်ဖြစ်၍ ပရိသတ်များ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ဟန်လင်းအောင်(FDC)