ရန်ကုန်    ၁၀   ဇန်နဝါရီ 

 

ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့မှ ကြီးမှူးကျင်ပသည့် ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉ - ၂၀၂၀ ကို ယနေ့ညနေ ၆ နာရီ၌ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာယုယမအိချိဂိုနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့ တက်ရောက်ပြီး “Masquerade Hotel” ဂျပန်ရုပ်ရှင်ဇာတ်ကားဖြင့် ဖွင့်လှစ်ပြသသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဂျပန်သံအမတ်ကြီး မစ္စတာမာယုယမအိချိဂိုက “ယနေ့ ဂျပန်ရုပ်ရှင်ပွဲတော်သည် ဂျပန်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲမှုနှင့် ဂျပန်ရုပ်ရှင်များမှတစ်ဆင့် ဂျပန်လူမျိုးများနှင့် ပိုမို နီးကပ်ရင်းနှီးလာစေရန်၊ ဂျပန်နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်နိုင်စေရန် ဖြစ်ပါကြောင်း၊ ဂျပန်ရုပ်ရှင် ကားကောင်းများကို မြန်မာပြည်သူများပရိသတ်များအနေဖြင့် ကြိုက်နှစ်သက်မည်ထင်ပါကြောင်း” ပြောကြားပါသည်။

 

ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ လည်းကောင်း၊ JCGV ရုပ်ရှင်ရုံ(Junction City)တွင် ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် လည်းကောင်း၊ မင်္ဂလာ (တာမွေ) ရုပ်ရှင်ရုံတွင် ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် လည်းကောင်း ဂျပန်ရုပ်ရှင်ကား (၁၀)ကားဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး ဆက်လက်၍ မန္တလေးမြို့ရှိ ဝင်းလိုက်ရုပ်ရှင်ရုံတွင် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကျင်းပရန်ရှိကြောင်း သိရသည်။   

 

ဟန်လင်းအောင်(FDC)