ဂျပန်သာမကဘဲ အခြားအနောက်တိုင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာကလည်း လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ဘဝမြှင့်တင်ရေးအတွက် ဝိုင်း ဝန်းပြီး ကူညီမယ်လို့ မျှော်လင့်ပါတယ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်တို့၏ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Digital News မှ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌ၊ ဂျပန်အစိုးရအထူးကိုယ်စားလှယ် Mr. Yohei Sasakawa က

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာပြည်ရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တိုးတက်မှုရှိဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့ဆိုတာကို ဦးစားပေးဆုံးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ နားလည်ထားပါတယ်။ KNU အပါအဝင် ၈ ဖွဲ့အပြင် ဒီ ၂ ဖွဲ့ပါ NCA လက်မှတ်ထိုးတာဖြစ်တဲ့အတွက်  ငြိမ်းချမ်းရေးဟာ အရှိန်အဟုန်ရှိရှိနဲ့ ရှေ့ကို ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်နိုင်ငံကလည်း သူတို့လိုအပ်ချက်ကို မူတည်ပြီးတော့ တိုးတက်ဖို့အတွက် ဝိုင်းဝန်းကာ အစွမ်းကုန် ကူညီလုပ်ဆောင်သွားပါမယ်။ အဲဒီအတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်းကောင်း ကောင်းအကဲဖြတ်ပြီးတော့ ကြိုဆိုရတဲ့အနေအထားဖြစ်တယ်။

 ငြိမ်းချမ်းရေးကိစ္စနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မြန်မာပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ အဲ့ဒါကို ရှေ့ဆက်သွားအောင် ကျွန်တော်တို့က ဝိုင်းဝန်းပြီးတော့ ကူညီနေတာဖြစ်ပါတယ်။ ဂျပန် အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကာယကံရှင်နှစ်ဖက်စလုံးက တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့အတွက် လိုအပ်တဲ့အခန်းကို စီစဉ်ခြင်းနဲ့ တွေ့ဆုံဖို့နေရာကိုသွားဖို့ ခရီးစရိတ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက် ကူညီထောက်ပံ့ခြင်းစတဲ့ ကိစ္စတွေလုပ်ခဲ့ပါတယ်။

 တကယ်လို့ တွေ့ဆုံဆွေးနွေးတဲ့ဖို့ အခက်အခဲရှိတဲ့အခါ ဆက်လက်ပြီးတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်ဖို့အတွက် လိုအပ်ချက်အပေါ်မူတည်ပြီး ဝိုင်းဝန်းပြီးတော့ တွန်းအားပေးတာတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခဏခဏ အဆိုပြုတဲ့အတိုင်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အဲဒီ နယ်မြေ မှာနေကြတဲ့ ဒေသခံပြည်သူလူထုတွေရဲ့ ဘဝမြှင့်တင်ရေးအတွက် အချင်းချင်း လက်တွဲညှိနှိုင်းနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်ဖို့အတွက် ဝိုင်းဝန်း ကူညီ ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။

 လက်မှတ်ထိုးပြီးသားဖြစ်တဲ့ ကရင် (KNU) အဖွဲ့နဲ့ အဲဒီဒေသမှာရှိနေတဲ့ ဒေသခံလူမျိုးတွေ ဖွံ့ဖြိုးရေးအတွက် အမေရိ ကန်ဒေါ်လာ သန်း ၄၀ ကူညီခဲ့ပြီးဖြစ်ပါတယ်။ ဒီနောက်ပိုင်း မွန်ပြည်နယ်မှာလည်း ဒေသခံလူမျိုးတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ဝိုင်းဝန်းကူညီဖို့ အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

ကျွန်တော်မျှော်လင့်တာက ဂျပန်သာမကဘဲ အခြားအနောက်တိုင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာကလည်း လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ဘဝမြှင့်တင်ရေးအတွက် ဝိုင်းဝန်းပြီး ကူညီမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

တွေ့ဆုံမေးမြန်း စုရည်မွန်၊ ကျော်ထိုက်စိုး၊ ဓာတ်ပုံ-ကျော်ထိုက်စိုး