လိုင်လင်းပီ ၃၁ ဇူလိုင်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၌ ဂျပန်သံရုံး၏ Terra People Association အဖွဲ့အစည်းမှ ပျိုးထောင်ပေးသည့် ကော်ဖီနှင့် မေကဒီးနီးယားပျိုးပင်များ ရောင်းအားကောင်းလျက်ရှိသည်။

 

0010

 

“အများဆုံးပျိုးတာကတော့ ကော်ဖီဖြစ်တယ်၊ ပျိုးပင်တစ်ပင်ကို ကျပ်(၂၅၀)နှုန်းနှင့် ရောင်းချပေးနေတယ်၊ ကော်ဖီကပျိုးပင်သက်တမ်း အနည်းဆုံးတစ်နှစ်ပြည့်မှ စိုက်လို့ရတာဆိုတော့ အချိန်ယူရတယ်၊ အခုချိန်မှာ တဖြည်းဖြည်းနဲ့ ဝယ်လိုအားများလာလို့ ပျိုးပင်မလောက်တဲ့အချိန်တွေလည်း ရှိတယ်၊ လက်ရှိအချိန်ထိ ပျိုးပင် (၂၀ဝ၀)ကျော် ရောင်းချပေးနေရပြီ၊ မေကဒီးနီးယားပင်တွေကိုတော့ နည်းနည်းပဲ ပျိုးဖြစ်တယ်၊ လူသိနည်းနေသေးတာကြောင့်လည်း ပါတယ်၊ သူက သီးစားပင်မျိုးဖြစ်တယ်၊ ဈေးလည်းကောင်းတယ်၊ အဲဒီပျိုးပင်တွေကို တစ်ပင် ကျပ်(၂၀ဝ၀)နဲ့ ရောင်းချပေးနေတယ်”ဟု အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

6681

 

ယင်းအဖွဲ့စည်းမှလည်း အဆိုပါပျိုးပင်များကို မြေ(၅)ဧကအထိ စိုက်ပျိုးလျက်ရှိပြီး အဆိုပါပျိုးပင်တွေအတွက် မျိုးစေ့များကို ပြင်ဦးလွင်ဖက်မှ မှာယူနေရကြောင်းနှင့် ကော်ဖီကြိတ်စက်လည်း မှာထားလျက်ရှိခြင်းတို့ကြောင့် အဆိုပါဒေသမှ ထွက်ရှိလာမည့်ကော်ဖီများကို ကုန်ချောအဆင့်ထိထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြကြောင်း သိရသည်။

ထို့ပြင် အဆိုပါအဖွဲ့အစည်းမှ ဒေသခံတောင်သူများကို အလျဉ်းသင့်သလို စိုက်ပျိုးရေးနည်းပညာများ သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် ၎င်းအဖွဲ့အစည်းမှ ထောက်ပံ့မှုဖြင့် လိုင်လင်းပီမြို့တွင် တည်ဆောက်နေသည့် စိုက်ပျိုးရေးသင်တန်းကျောင်း ဆောက်လုပ်မှုမှာလည်း ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးတော့မည်ဖြစ်သည့်အတွက် အဆိုပါဒေသရှိတောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့် ပျိုးပင်များကို စနစ်တကျသင်ကြား ပို့ချ/ ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီ(ပြန်/ဆက်)