၉ နိုဝင်ဘာ

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၇၀၀၀၀ ကျော် အလုပ်အကိုင်ဆုံးရှုံးခဲ့သည်ဟု ဂျပန်အလုပ်သမားရေးရာဝန်ကြီးဌာနက ဆိုသည်။

 

အလုပ်ရှင်များသည် စီးပွားရေးလုပ်ငန်းများကျဆင်းကာ ရုန်းကန်လှုပ်ရှားနေရသောကြောင့်  စာချုပ်သက်တမ်းတိုး မပြုလုပ်ရသေးသူများ၊ အလုပ်မှထုတ်ပယ်ခံရသော အလုပ်သမားများအား ထိုဝန်ကြီးဌာနက စစ်ဆေးနေဆဲဖြစ်သည်။

 

ဇန်နဝါရီလမှ နိုဝင်ဘာ ၆ ရက်နေ့အတွင်း လူပေါင်း ၇၀၂၄၂ ဦး အလုပ်လက်မဲ့ဖြစ်မှုနှင့် ကြုံတွေ့ရသည်ကို တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။

 

ဒေသဆိုင်ရာ အလုပ်သမားဌာနများနှင့် အစိုးရ အလုပ်နေရာချထားရေးရုံးများမှလူသိများသောအမှုများကိုသာ ထည့်သွင်းထားခြင်း ဖြစ်သဖြင့် အမှန်တကယ်ကိန်းဂဏန်းများမှာ ပိုမိုများပြားဖွယ်ရှိသည်ဟု ၎င်းတို့က ယူဆထားသည်။

 

အောက်တိုဘာ ၃၀ အချက်အလက်အရ ကုန်ထုတ်လုပ်မှုကဏ္ဍသည် အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး အလုပ်အကိုင် ၁၂၉၇၉ ဆုံးရှုံးခဲ့သည်။

 

လက်လီရောင်းခြင်းကဏ္ဍတွင် လူ ၉၃၇၈ ဦး အလုပ်ထုတ်ပယ်ခံရပြီး ဟိုတယ်အလုပ်သမား ၈၆၁၄ ဦး အလုပ်အကိုင်ဆုံးရှုံးခဲ့သည်။

 

အလုပ်ရှင်များအနေဖြင့် အစိုးရထောက်ပံ့ငွေအစီအစဉ်များကိုယူပြီး အလုပ်သမားများကို ဆက်လက်ထားရှိရန် ထိုဝန်ကြီးဌာနတာဝန်ရှိသူများများက အလုပ်ရှင်များအား တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို