ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၄၀၀ ဦး ကျော်ရှိလာ

၇ မေ

 

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၁၅၄၇၇ ဦး ရှိကြောင်း ယနေ့မနက် တွင် အတည်ပြုကြေညာခဲ့သည်။ ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရမှု မရှိသေးဟု ဖော်ပြထားသည်။

 

အဆိုပါကူးစက်ခံရသူ စာရင်းတွင် ငှားရမ်းထားသော လေယာဉ်များဖြင့် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လာသူများ၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် လေဆိပ်သီးခြားကန့်သတ်ထားနေရာများ ၌ စမ်းသပ်စစ်ဆေးထားသူများ ပါဝင်သည်။

 

ဖေဖော်ဝါရီလက ယိုကိုဟားမားတွင် သီးသန့်ခွဲခြား ကန့်သတ်ထားသော ဒိုင်းမွန်းပရင့်စ်အပျော်စီး သင်္ဘောမှထပ်မံကူးစက်ခံရသူ ၇၁၂ ဦးရှိသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၆၈၁၉ ဦး ရှိလာသည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ဂျပန်နိုင်ငံတွင် သေဆုံးသူဦးရေ ၅၉၀ ဦး အထိ မြင့်တက်လာသည်။ ယင်းသေဆုံးမှုစာရင်းတွင် ဒိုင်းမွန်းပရင့်စ် အပျော်စီးသင်္ဘောမှ ၁၃ ဦး ပါဝင်သည်။

 

ယမန်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အခြေအနေစိုးရိမ်ရသူ ၃၁၂ ဦး ရှိပြီးယင်း ၃၁၂ ဦး တွင် ဒိုင်းမွန်းပရင့်စ် အပျော်စီးသင်္ဘောမှ လေးဦး ပါဝင်သည်ဟု  ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

 

နိုင်ငံအတွင်း ယမန်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၅၅၆၉ ဦး ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို