ရန်ကုန် ၁၈ ဖေဖော်ဝါရီ 

 

ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Cahmpionship (ONE) သည်ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် (မြန်မာ့စပါးအုံး)နှင့် မြန်မာနိုင်ငံနွယ်ဖွား ချင်းတိုင်းရင်းသား Dragon Leg တီရဲလ်ထန်တို့အား မြန်မာနိုင်ငံရှိ မီဒီယာများနှင့်အွန်လိုင်းတိုက်ရိုက်တွေ့ဆုံမေးမြန်းမှုကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်၌ ကျင်းပသည်။

 

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပမည့် ONE : A NEW ERA ပြိုင်ပွဲတွင် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုKEN HASEGAWA နှင့် ယှဉ်ပြိုင်ထိုးသတ်ကာ ကာကွယ်သွားမည်ဖြစ်သည်။

 

အောင်လအန်ဆန်က “ကျွန်တော့်အနေနဲ့ ဒီပွဲမှာ အနိုင်ရမယ်ဆိုတာ ယုံကြည်တယ်။ ကန်နဲ့အရင်ကလည်း ထိုးသတ်ခဲ့ဖူးတဲ့အတွက် သူဘယ်လိုလဲဆိုတာ သိတယ်။ အခု ဂျပန်နိုင်ငံမှာ ထိုးသတ်ရမှာကို ကျွန်တော်မစိုးရိမ်ပါဘူး။ 

ကြိုးဝိုင်းထဲရောက်ရင်ကျွန်တော် Fighting နဲ့ ပတ်သက်လို့ ခံယူထားတဲ့သဘောထားနဲ့ အမြင်က အတူတူပါပဲ။ ကျွန်တော်အခုလာမယ့် ပွဲအတွက်လည်း အကောင်းဆုံး အားစိုက်ထားပြီးတော့ ပြင်ဆင်ထားပါတယ်။ အခုကန်နဲ့အတူတူ ထိုးသတ်ရမယ့်ပွဲက ကျွန်တော်ထိုးခဲ့သမျှပွဲတွေထဲမှာ အကောင်းဆုံး ပွဲဖြစ်မယ်လို့ ထင်ပါတယ်။ အကောင်းဆုံးပွဲဖြစ်အောင်လည်း ကြိုးစားသွားပါမယ်” ဟု ပြောကြားသည်။

 

ဆက်လက်၍ “ကျွန်တော့်ကို အားပေးသလိုတီရဲလ်ကိုလည်း အားပေးကြဖို့လည်း ပြောချင်ပါတယ်။ တီရဲလ်ထိုးမယ့်ပွဲမှာလည်း ကျွန်တော်သူ့အနားမှာရှိနေမှာပါ။ ကျွန်တော့်အနေနဲ့ လာမယ့်ပွဲအတွက် အကောင်းဆုံးကြိုးစားနေသလို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။

 

ထို့အပြင် မတ်လ ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် ONE : REGIN OF VALOR ပွဲတွင် မြန်မာနိုင်ငံသား တီရဲလ်ထန်က ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth နှင့် ၆၈ ကီလိုဝိတ်တန်း၌ ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တီရဲလ်ထန်က “ကျွန်တော့်အတွက်တော့ ဝမ်းချန်ပီယံရှစ်မှာ ဝင်ရောက်ကစားဖြစ်ဖို့ရယ်၊ နောက်ကိုအောင်လက လေ့ကျင့်သင်ကြားပေးတယ်ဆိုတာ အမြဲတမ်းမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ကျွန်တော့်အနေနဲ့ ဒီလာမယ့်ပွဲအတွက် ကျွန်တော်လုပ်နိုင်သမျှ နေ့တိုင်းလေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေကို အမြဲပဲပြုလုပ်နေပါတယ်။ ကျွန်တော့်အနေနဲ့ကိုအောင်လကို အပြည့်အဝယုံကြည်တယ်။ ကျွန်တော့်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်အဖြစ်အမြဲ စံထားရတဲ့လူပါ။ ကျွန်တော် အခုလာမယ့်ပွဲမှာ အနိုင်ရမယ်ဆိုတာကိုလည်း ယုံကြည်တယ်။ နပန်း ဒါမှမဟုတ် ဒိုင်ပွဲရပ်တစ်ခုခုနဲ့ ပထမအချီဒါမှမဟုတ် ဒုတိယအချီမှာ အနိုင်ယူနိုင်မယ်လို ထင်ပါတယ်။ ကျွန်တော့် အမိမြေမှာ ထိုးသတ်ရမယ့်အတွက်လည်း အတော်ကို ပျော်ရွှင်မိပါတယ်။ နောက်ပြီး ကျွန်တော့်ပရိသတ်တွေနဲ့လည်း တွေ့ချင်နေပါပြီ။ ကျွန်တော် မတ်လ ၈ ရက်နေ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အားလုံးလာ အားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသား The Dragon Leg တီရဲလ်ထန်သည် ဝမ်းချန်ပီယံရှစ် ဖယ်သာဝိတ်တန်းတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၅ နှစ်အရွယ် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်ပြီး ၄င်းသည် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့၌ Greco-Roman နပန်းကို လေ့ကျင့်ခဲ့ပြီး Hard Knocks ၃၆၅ တွင် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့်ကိုယ်ခံပညာ ကစားသမား တစ်ဦးဖြစ်လာခဲ့သည်။ 

 

ယင်းအပြင် တီရဲလ်ထန်သည် အပျော်တမ်းပွဲများတွင် အနိုင်ရရှိခဲ့ပြီး ယခုပွဲသည် ၄င်း၏ ဝမ်းချန်ပီယံရှစ်တွင် ပထမဦးဆုံး ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲဦးထွက် ပြိုင်ပွဲဖြစ်သည်။ 

 

ဇာနည်မောင်