ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ထိုးနှံပေးသွားမည်

နေပြည်တော် ၃ အောက်တိုဘာ

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အထိ အစီအစဉ်နှစ်ခု ပြုလုပ်ကာ တစ်နိုင်ငံလုံးရှိ အသက် (၉) လမှ (၁၅) နှစ်တွင်းကလေးငယ်တွေကို ကျန်းမာရေးနှင့် တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း (အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန) မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ  ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းနေစာရင်းသွင်းထားသော အသက် (၁၅)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ပြီး အသက်(၉)လမှ (၅)နှစ်အထိ ကလေးငယ်များနှင့် အသက် (၁၅)နှစ်အထိ ကျောင်းမနေသော ကလေးသူငယ်များ၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးရန် အစီအစဉ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရစ်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့်  အသက် (၁၅) နှစ်အောက် ကလေးများက အရွယ်ရောက်ရောက်ပြီးသူများထက် အဖြစ်များတာကိုတွေ့ရပါတယ်။

အသက် (၅) နှစ်မှ (၉) နှစ်အရွယ်ကလေးသူငယ်များတွင်အဖြစ်များပြီး  အသက် (၁) နှစ်နှင့် (၄) နှစ်အကြား ကလေးငယ်များတွင်လည်း ဒုတိယ အများဆုံးဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ဂျပန်ဦးနှောက်ရောဂါ ဖြစ်ပွားသူများအနက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်ပြီး အသက်ရှင်သန်သူများတွင်လည်း ၃၀ ရာခိုင်နှုန်းခန့်ထိ အကြောသေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများလည်း ခံစားရနိုင်ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သော ကလေးလူငယ်အချို့တွင် ရာသက်ပန်မသန်မစွမ်းဖြစ်စေနိုင်ပြီး လူစဉ်မမီဖြစ်ရခြင်း၊ လူနာနှင့် လူနာရှင်မိသားစုများကို စီးပွားရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးမားသော ဝန်ထုတ်ဝန်ပိုး ဖြစ်စေကာ နိုင်ငံတော်အတွက် ကုန်ထုတ်စွမ်းအားနှင့် စီးပွားရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေ နိုင်သည်။

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျော့ချနိုင်စေရန် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းသည် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်ကြောင်း အကြံပြုထားပါသည်။

ZBM(MDN)