ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ဖြစ်တတ်သော ကနဦးလက္ခဏာများနှင့် နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း

နေပြည်တော် ၂၈ မတ် 

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေပြီး ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ 

ရောဂါလက္ခဏာများ 

ရောဂါကူးစက်ခံရသူသည် ရောဂါလက္ခဏာများ မပြကြပါ။ ပျှမ်းမျှအားဖြင့် ရောဂါပိုးကူးဆက်ခံရသူ (၂၅၀) တွင် (၁) ဦးသာ ရောဂါလက္ခဏာများ ရှိကြပါသည်။ 

ကနဦးလက္ခဏာများ- 

ရုတ်တရက်အဖျားကြီးခြင်း

ခေါင်းကိုက်ခြင်း 

မောပန်းပြီးနုံးခြင်း 

ပျို့ခြင်း၊ အန်ခြင်း 

ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းကို ထင်ရှားစွာ ခံစားကြရပါသည်။ 

နောက်ဆက်တွဲရောဂါများ 

. လည်ပင်းတောင့်တင်းခြင်း 

စိတ်ရှုပ်ထွေးခြင်း

သတိလစ်ခြင်း 

မူးဝေအိပ်ငိုက်ခြင်း 

လှုပ်ရှားမှုမမှန်ခြင်း 

တက်ခြင်း စသည်တို့ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ  ဖြစ်နိုင်ပါသည်။  

အသက် (၁၀)နှစ်အောက် ကလေးငယ်များတွင် ပြင်းထန်သောရောဂါ ဖြစ်ပွားမှု များပြားပြီး  သေဆုံးမှုနှုန်း များပြားပါသည်။ 

ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ (၁၀ဝ) ဦး တွင် (၂၀) ဦးမှ (၃၀) ဦး အထိ အသက်သေဆုံးနိုင်ပါသည်။ 

ရောဂါကူးစက်ပုံ 

  • ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတိမ်တွင် ကျက်စားသော ခြေတံရှည်ငှက်များ၊ ဝက်များသည် ရောဂါပိုး သိုလှောင်ရာဌာန ဖြစ်သည်။ 
  • ရောဂါပိုး သယ်ဆောင်သော ခြင်များမှတဆင့် ကူးစက်ပျံ့နှံ့သည်။ 
  • ဆည်မြောင်းရေသွင်း စိုက်ပျိုးသော နေရာများတွင် ခြင်ပေါက်ဖွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးဆက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။ 
  • ကျေးလက်နေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှု များပြားသည်။ 

ကာကွယ်နိုင်မည့် နည်းလမ်းများ 

  • ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ရေး နည်းလမ်း ဖြစ်ပါသည်။ 
  • ဂျပန်ဦးနှောက်ရောင်ရောဂါပိုး သယ်ဆောင်သောခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ 

ကာကွယ်ဆေးထိုးသင့်သူများ 

ရောဂါကူးစက်ဖြစ်ပွားလွယ်သည့် နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁)လ အလို ကြိုတင်ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။ ကာလရှည်ခရီးထွက်သူများ၊ မကြာခဏ ခရီးသွားသူများ၊ ဂျပန်ဦးနှောက်ရောင် ကပ်အသွင် ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိက ထိုးနှံသင့်ပါသည်။ 

အသက် (၉)လ အရွယ်မှစတင်၍ လူကြီးများ၊ လူငယ်များအားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။ 

၂၀၁၈ ခုနှစ်မှ စတင်၍ အသက်(၉)လအရွယ် ကလေးများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်လက်မောင်းအပေါ်ပိုင်း အရေပြားအောက်သို့ ထိုးနှံပေးပါသည်။ 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။  

MDN