တိုကျို ဇန်နဝါရီ ၂၃
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် ဝန်ကြီးချုပ် ရာထူးတာဝန်စတင်ထမ်းဆောင်ခဲ့သည့် အောက်တိုဘာလ နောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ရာတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ဇန်နဝါရီ ၂၁ ရက်တွင် အွန်လိုင်းမှ တစ်ဆင့် မိနစ် ၈၀ ကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံဆွေးနွေးစဉ် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုနှင့် အင်ဒိုပစိဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။
ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြင်ဆင်ကာ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် မိမိအနေဖြင့် ဆန္ဒရှိပါကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံကို အကာအကွယ်ပေးမည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်နှင့် စပ်လျဉ်း၍လည်း ဂျိုးဘိုင်ဒင်က ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်ဟု ကီရှီဒါက ဆက်လက်ပြောကြားသည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ကီရှိဒါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်