တိုကျို ဧပြီ ၉
ဂျပန်ဝန်ကြီးချုပ် တာကာချီ ဆာနေးနှင့် အီရန်သမ္မတ မာဆော့ ပါဇက်ရှ် ကီရမ်တို့က အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများလျော့ကျရန်နှင့်ပတ်သက်ပြီး ယနေ့ ဆွေးနွေးသည်။
ခေါင်းဆောင်နှစ်ဦးက တယ်လီဖုန်းဖြင့် ၂၅ မိနစ်ခန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းသွားလာမှုအပါအဝင် အခြေအနေကို ဖြေလျှော့ရန် အစီအမံများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး သံတမန်ရေးအရ နောက်ဆုံးသဘောတူညီချက်ကို မကြာမီ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် တာကာချီ ဆာနေးက ပြောကြားသည်။
ယာယီအပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြိုဆိုကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်စေရန် ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက တောင်းဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာလူထု ကောင်းကျိုးအတွက် အဓိကလမ်းကြောင်းဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ခေါင်းဆောင်များက နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ဂျပန်အစိုးရက နိုင်ငံတကာအသိုက်အဝန်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ သံတမန်ရေးရာ ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက အီရန်သမ္မတနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


