တိုကျို၊ ဧပြီ ၁၇ 


ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို ဖောက်ခွဲရေးပစ္စည်းတစ်ခုဖြင့် ပစ်ပေါက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂျပန်ရဲတပ်ဖွဲ့က အသက် ၂၄ နှစ်ရှိ အမျိုးသားတစ်ဦးကို ဧပြီ ၁၇ ရက်က အစိုးရရှေ့နေများထံ လွှဲအပ်ခဲ့သည်။ 
သံသယရှိသူသည် နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကပြောသည်။ ဝန်ကြီးချုပ် ကီရှီဒါသည်  နိုင်ငံအနောက်ပိုင်း ဝါကာယာမာမြို့ရှိ ငါးဖမ်းဆိပ်ကမ်းတစ်ခု၌ မိန့်ခွန်းပြောမည့်အချိန်တွင် အဆိုပါကိစ္စ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  သံသယရှိသူကို အခင်းဖြစ်ပွားရာနေရာ၌ ချက်ချင်းဖမ်းဆီးနိုင်ခဲ့သည်။ 
ဖောက်ခွဲရေးပစ္စည်းသည်  သတ္တုဖြင့်  ပြုလုပ်ထားသော ပိုက်ဗုံးတစ်ခုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ပိုက်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့်  သက်သေခံပစ္စည်းများကို သံသယရှိသူ၏နေအိမ်၌ တွေ့ရှိပြီးနောက် သံသယရှိသူသည် အဆိုပါပိုက်ဗုံးကို ၎င်းကိုယ်တိုင် ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်လျက်ရှိသည်။ 
ထို့အပြင် ရဲတပ်ဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများ မည်သည့်နေရာက ရရှိသည်ဆိုသည့်အချက်နှင့်  အဆိုပါ ဖောက်ခွဲရေးပစ္စည်းကို မည်သို့ပြုလုပ်ကြောင်းစသည့် အချက်များကို သိရှိနိုင်ရန် သံသယရှိသူ၏  ကွန်ပျူတာနှင့် ဆဲလ်ဖုန်းတို့ကို စစ်ဆေးလျက်ရှိသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံရေးမဲဆွယ် စည်းရုံးပွဲတစ်ခု၌  ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်သတ်ခံရပြီး နောက်ပိုင်းတွင် ယခုကိစ္စသည် ပထမဆုံးဖြစ်ပေါ်လာသည့် ကိစ္စဖြစ်သည်။ 
အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မက်ဆုနိုဟီ ရိုကာဇူက အမျိုးသားရဲတပ်ဖွဲ့နှင့်  ဒေသရဲတပ်ဖွဲ့တို့သည် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိကြောင်း ဧပြီ ၁၇ ရက် နံနက်ပိုင်းက  ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ