၁၄ အောက်တိုဘာ
လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံပျောက်ဆုံးနေတဲ့ ဂရစ်ဇ်မန်းအနေနဲ့ ပြင်သစ်အသင်းနဲ့ ယခင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းတွေဟာ နိုင်ငံလက်ရွေးစင်အသင်း ပွဲထွက်နေရာအတွက် အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချွမ့်စ်က သတိပေးစကား ပြောကြားလိုက်ပါတယ်။
ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာတဲ့ ၂၀၁၉ခုနှစ် ဇူလိုင်လကစပြီး အကောင်းဆုံး ပုံစံ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ပေါ်တူဂီကို ရင်ဆိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂရစ်ဇ်မန်းရဲ့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒက်ချွမ့်စ်က ဂရစ်ဇ်မန်းကို “၈၁ပွဲကစားပြီး ၃၂ဂိုးသွင်းယူထားတယ်၊ ၂၁ကြိမ် ဂိုးဖန်တီးမှု ပြုထားတဲ့ မှတ်တမ်းကို သူ ပြန်ကြည့်နေမယ်ဆိုတာ ကျွန်တော် သိတယ်” လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ၂၀၁၈ခုနှစ် ပြင်သစ်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ရာ ကိုယ်တိုင် နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။
ဒက်ချွမ့်စ်က ပြင်သစ်အသင်းမှာ တောက်လျှောက်ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဂရစ်ဇ်မန်းရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး သံသယမရှိဘဲ ဘယ်နေရာမှာ ထားကစားရင် အကောင်းဆုံး အရည်အသွေး ရရှိမယ်ဆိုတာ သူသိထားတယ်လို့ ဆိုပါတယ်။
သို့သော်လည်း ဘာစီလိုနာအသင်းမှာ ပြောင်းလဲကစားခဲ့ရတဲ့နေရာအနေအထားက ဂရစ်ဇ်မန်းရဲ့ ခြေစွမ်းပိုင်းကို ထိခိုက်စေခဲ့တယ်လို့ ဒက်ချွမ့်စ်က ယူဆနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်အသင်းမှာ လူငယ်ခြေတက်ကစားသမားတွေ အများအပြား ရှိနေတာကြောင့်လည်း အသက် (၂၉)နှစ်အရွယ် ဂရစ်ဇ်မန်းအတွက် ပွဲထွက်ကစားခွင့် အာမခံချက် နည်းပါးလာတဲ့ အကြောင်းတရားပဲဖြစ်ပါတယ်။
ဘာသာပြန်-မေလဲ့သင်း