မိုး(အလရ)
အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ပိုမိုဘေးကင်းသည့် လူမှုဘဝများ ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အခန်းကဏ္ဍတွင် အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်နှင့် အသိအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်မည့် လမ်းကြောင်းတစ်ရပ်ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့ကြသည်။
ထိုဖိုရမ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နန်နင်းမြို့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ တောင်ပိုင်းတွင်ရှိပြီး ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်လည်းဖြစ်သည်။ စိမ်းလန်းစိုပြည်သော အပူပိုင်းဒေသ သစ်ပင်များပေါများသည့်အတွက် နန်နင်းမြို့ကို အစိမ်းရောင်မြို့တော် (Green City) ဟုလည်း ခေါ်ဆိုကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသည့်အတွက် တွေ့ကြုံရမည့်အရာများ၊ လေ့လာခွင့်ရရှိမည့် နည်းပညာများနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေမိသည်။
ကျွန်တော်တို့၏ ခရီးစဉ်က ဒီဇင်ဘာ ၄ ရက်တွင် ဖိုရမ်နှင့် ပြပွဲသို့ တက်ရောက်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေသည့် နေရာများသို့ သွားရောက်လေ့လာရမည်ဖြစ်သည်။ ခရီးသွားလာခြင်းအပါအဝင် သုံးညအိပ်လေးရက် သွားရောက်ခဲ့ရသည့် ခရီးစဉ်ဖြစ်ပေသည်။
ခရီးအစ
ကျွန်တော်တို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက် မြန်မာစံတော်ချိန် ၀၇:၂၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ လေယာဉ်မောင်းချိန် တစ်နာရီခန့်သာကြာမြင့်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၀၉:၁၅ နာရီတွင် ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ဒေသစံတော်ချိန် ၁၃:၀၀ နာရီတွင် China Southern Airline ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ လေယာဉ်မောင်းချိန် နှစ်နာရီခွဲခန့် ကြာမြင့်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၆:၃၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။
ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့သည်လည်း ကျွန်တော် တို့အဖွဲ့နှင့် လေယာဉ်တူသည့်အတွက် အတူတကွရောက်ရှိကြသည်။ လေဆိပ်ပြင်ပသို့ ထွက်ချိန်တွင် ဆောင်းရာသီ ဖြစ်သည်နှင့်အညီ အေးမြလျက်ရှိပြီး လွန်ခဲ့သည့်ရက်မှစ၍ မိုးရွာသည့်အတွက် ညပိုင်းတွင် အပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး အအေးဓာတ်ပိုလာကြောင်း စကားပြန်ဝန်ထမ်းက ရှင်းပြ၍ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ မြန်မာဘာသာပြန် Ms. Fan Bohong တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များအတွက် ကားတစ်စီးစီ စီစဉ်ထားသည်ကို တွေ့ရှိရသည်။ စေတနာ့ဝန်ထမ်းများက ခရီးဆောင်အိတ်များကို ကားပေါ်သို့ ကူညီသယ်ပို့ပေးကြသည်။ ထိုဘာသာပြန်သူနှင့် စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ရန် တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းသူများအား လုပ်အားပေးခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျွန်တော်တို့အဖွဲ့သည် လေဆိပ်မှ တည်းခိုမည့် Liyoun Resort သို့ ကားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ၁၇:၃၀ နာရီခန့်တွင် ရောက်ရှိခဲ့ကြ သည်။ တည်းခိုရမည့် Liyoun Resort သည် လုံးချင်းတိုက်များဖြင့်ဖြစ်ပြီး သစ်ပင်များ၊ ရေကန်များဖြင့် စိမ်းလန်း သာယာလွန်းလှပေသည်။ ရေကန်များတွင် ဒေါင်းများ၊ ကျေးငှက်များကိုလည်း တွေ့ရလေသည်။
ကျွန်တော်တို့အဖွဲ့သည် ညစာစားပွဲ အခမ်းအနား တက်ရောက်ရန်ရှိသည့် အတွက် အဝတ်အစားလဲ၍ ပြင်ဆင်ပြီး Liyoun Resort ၏ ဧည့်ခန်းမသို့ သွားကြ သည်။ ၁၈:၀၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသ အာဏာပိုင် အစိုးရ ဒုတိယဥက္ကဋ္ဌ Mr. XU Yongke တို့က ဖိုရမ်တက်ရောက်ရန် လာကြသည့် အာဆီယံ ၁၀ နိုင်ငံတို့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဖိုရမ်တက်ရောက်ခြင်း
နောက်တစ်ရက် နံနက် ၈ နာရီတွင် ကျွန်တော်တို့အဖွဲ့သည် ဖိုရမ်ကျင်းပ ပြုလုပ်မည့် Nanning International Convention Exhibition Center သို့ သွားရောက်ခဲ့ကြပါသည်။ အာဆီယံ−တရုတ် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ၀၉:၀၀ နာရီ တွင် စတင်ကျင်းပခဲ့သည်။
ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသ အာဏာပိုင်အစိုးရ ဒုတိယ ဥက္ကဋ္ဌ Mr. XU Yongke၊ ဖိလစ်ပိုင်နိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီး ဌာနမှ Undersecretary Mr. Atty. Benjo Santos M. Benavidez၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကွန်ရက် အဖွဲ့ဝင်နိုင်ငံ မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ တရုတ် နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့မှ ကိုယ်စားလှယ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လုပ်ငန်းရှင်များ စုစုပေါင်း တက်ရောက်သူ ၃၀၀ ခန့်ရှိသည်။ ခန်းမ အတွင်း အာဆီယံနိုင်ငံများ၏ အထင် ကရနေရာများကို ချိတ်ဆွဲထားပြီး ခမ်းနားစွာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ ပြခန်းများ လေ့လာကြည့်ရှုခြင်းနှင့် ဆွေးနွေးပွဲများ ဟူ၍ အပိုင်းသုံးပိုင်းခွဲ၍ စီစဉ်ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားအစတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တရုတ ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံ ခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသ အာဏာပိုင်အစိုးရ ဒုတိယဥက္ကဋ္ဌ Mr. XU Yongke၊ ASEAN-OSHNET ညှိနှိုင်းရေး အဖွဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ဖိလစ်ပိုင်နိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီး ဌာနမှ Undersecretary Mr. Atty. Benjo Santos M. Benavidez၊ အာဆီယံလူမှု− ယဉ်ကျေးမှုအသိုက်အဝန်းမှ ဒုတိယ အထွေထွေအတွင်းရေးမှူး Mr. Ekkap-hab Phanthavong တို့က အဖွင့်အမှာ စကားများ ပြောကြားခဲ့ကြသည်။

တာဝန်ရှိသူများ၏ အမှာစကားများတွင် သတင်းအချက်အလက်များစွာ ပါဝင်ပြီး ကျွန်တော့်အနေဖြင့် လေ့လာသိရှိ ရမှုများကို အနည်းငယ် မျှဝေပေးလိုပါသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားတွင် လွန်ခဲ့သည့် ၁၀ စုနှစ် မှစ၍ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ကောင်းမွန်ပြီး ရေရှည်တည်တံ့သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေလိုသည့်အတွက် ယခုကဲ့သို့ ဖိုရမ်ကျင်းပခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အပါအဝင် အရေးပေါ်အခြေအနေများကို ကြိုတင်တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကိုဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။ ထိုသို့ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ရာတွင် လူထုဗဟိုပြုစနစ်ဖြင့် ကြိုတင် ကာကွယ်ရေး ဦးစားပေးနည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာ သိရှိရပေသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကို အစပြုခဲ့သည့်မှာ ၁၀ နှစ်မြောက် နှစ်ပတ်လည်ရှိပြီဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများနှင့် သဘာဝဘေးအန္တရာယ်များ ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ လျှော့ချရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရေးပေါ်ကယ်ဆယ် ရေး နယ်ပယ်သုံးခုအတွက် ပူးပေါင်း ဆောင်ရွက်မည့် လမ်းကြောင်းတစ်ရပ် ကို ဖော်ဆောင်ထားပြီးဖြစ်သည်။ ထိုလမ်းကြောင်းမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်၍ ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိသည်ကို တွေ့ရှိရပေသည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါနိုင်ငံများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝဘေး အန္တရာယ်များအပေါ် စီမံခန့်ခွဲနေမှု စနစ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များများစွာရရှိခဲ့ပေသည်။
ပြခန်းများ လှည့်လည်ကြည့်ရှုခြင်း
ဖွင့်ပွဲအခမ်းအနားပြီးနောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming နှင့် တက်ရောက် လာသူများသည် ဖိုရမ်နှင့်အတူ ပူးတွဲကျင်းပသည့် China-ASEAN Emer-gency Equipment and Technology Exhibition တွင် ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ကျွန်တော်တို့ အဖွဲ့သည်လည်း ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် အရေးပေါ်အခြေအနေများတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၊ နည်းပညာအသုံးပြု ကိရိယာများ၊ ကာကွယ်ရေးဝတ်စုံများ၊ တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် အသုံးပြုသည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ပစ္စည်းကိရိယာများကို လှည့်လည် ကြည့်ရှု၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။ နည်းပညာတိုးတက်နေမှုသည် အလွန်အဆင့်မြင့်၍ စက်ကိရိယာများ၏ လုပ်နိုင်စွမ်းအားသည် အံ့မခန်း ဖွယ်ဖြစ်သည်ကို တွေ့ရှိရပေသည်။
အကြီးစား စက်ယန္တရားကြီးများကိုခန်းမပြင်ပတွင် ပြသထားသည်။ ပြခန်းအတွင်းပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းခွင်များကို စစ်ဆေး၍ မှတ်တမ်းတင်ရာတွင် အသုံးပြုသည့် ဒရုန်းအမျိုးမျိုး၊ ရွေ့လျား စက်ရုပ်များ (Robots)၊ ဂြိုဟ်တုစနစ် အသုံးပြုသည့် စကားပြောစက်အမျိုးမျိုး၊ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် ဒရုန်းများ၊ ကာကွယ်ရေးဝတ်စုံအမျိုးမျိုး တို့ကို လေ့လာတွေ့ရှိရသည်။ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးရေးလုပ်ငန်းများနှင့် အန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေး လုပ်ငန်းများတွင် နည်းပညာအသုံးပြုသည့် ပစ္စည်းကိရိယာများ အသုံးပြုဆောင်ရွက် နိုင်သည့်အတွက် လုပ်ငန်းများ ထိရောက် မြန်ဆန်ပြီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်နိုင် မည်ဟု မျှော်လင့်မိပေသည်။
(ဆက်လက်ဖော်ပြပါမည်)