ဖေဖော်ဝါရီ ၄

ဂရိပင်လယ်ရှိ Chios ကျွန်းကမ်းရိုးတန်းတွင် Hellenic ကမ်းခြေစောင့်တပ် (HCG) ကင်းလှည့်သင်္ဘောနှင့် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များတင်ဆောင်လာသော လှေတို့တိုက်မိမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၁၅ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ဂရိအမျိုးသားရုပ်သံလိုင်း ERT ၏ ဖော်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးကို ကယ်တင်ပြီး အနီးနားရှိဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ အစောပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး၏ ရုပ်အလောင်းများကို ပင်လယ်မှပြန်လည်ဆယ်ယူရရှိခဲ့သည်။ Hellenic ကမ်းခြေစောင့်တပ်နှင့် ကျန်းမာရေးအရာရှိများ၏အဆိုအရ သေဆုံးသူများတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီးလေးဦး ပါဝင်သည်ဟု သိရသည်။

အဆိုပါမတော်တဆမှုသည် ယနေ့ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များစွာနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။ အသက်ရှင်ကျန်ရစ်သူအများစုသည် အနည်းငယ်သာ ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားအရေးပေါ်အကူအညီပေးရေးဌာနက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများကိုရှာဖွေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကမ်းခြေစောင့်တပ်မှ သင်္ဘောလေးစင်း၊ စေတနာ့ဝန်ထမ်းရေငုပ်သမားများတင်ဆောင်လာသော ပုဂ္ဂလိကလှေတစ်စင်းနှင့် Hellenic Air Force ရဟတ်ယာဉ်တစ်စင်းတို့သည် ကယ်ဆယ်ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို