မတ် ၁
ဂရိနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့ညနှောင်းပိုင်းက ခရီးသည်တင်ရထားနှင့် ကုန်ရထားတို့တိုက်မိခဲ့သဖြင့် လူ ၂၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာနအီးအာတီတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
အေသင်မြို့မှ တတ်ဆလိုနီကီမြို့မြောက်ပိုင်းသို့ဉီးတည် ခုတ်မောင်းနေသောခရီးသည်တင် ရထားသည် ဂရိနိုင်ငံ၏စတုတ္ထအကြီးဆုံးမြို့ လာရစ်ဆာအနီး အီဗန်ဂီလစ်မို့စ်ဒေသတွင် ကုန်တင်ရထားနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အေအမ်င်န်အေသတင်းအေဂျင်စီ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါမတော်တဆမှုကြောင့် လူ ၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၂၅ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အီးအာတီတွင်ဖော်ပြခဲ့သည်။ ၎င်းဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုရှင်းလင်းစွာမသိရှိရသေးကြောင်းနှင့် ရထားနှစ်စင်းပြင်းထန်စွာ တိုက်မိပြီး နောက် ရထားတွဲများလမ်းချော်ကာတိမ်းမှောက်ခဲ့ပြီး ကြာချိန်သုံးနာရီထက်မနည်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ထိုမတော်တဆမှုဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို