မတ် ၃
ဂရိနိုင်ငံအလယ်ပိုင်းတွင် အင်္ဂါနေ့ညပိုင်းက ရထားနှစ်စင်းတိုက်မိမှုကြောင့် သေဆုံးသူ ၅၇ ဦး ရှိလာသည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
အဆိုပါရထားတိုက်မိမှုကြောင့် ၄၈ ဦးသည် ဆေးရုံတက်ကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ခြောက်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင်ကုသမှုခံနေကြောင်း ဂရိရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ကွန်တန်တီရာဒီမိုလစ်ဒူက သတင်းထောက်များကို ပြောကြားသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းကို သောကြာနေ့တွင် အဆုံးသတ်ရန်မျှော်မှန်းထားသည်ဟု ဂရိမီးသတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗာစီလိုဗာတာကိုဂျန်းနစ်က ထပ်လောင်းပြောသည်။
ခရီးသည်တင်ရထားနှင့်ကုန်တင်ရထားတို့မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ပေါ့ဆမှု၊ လူသေမှုဖြင့် ရုံပိုင်တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို