အေသင် ၁၅ ဇွန်
ဂရိနိုင်ငံတွင် ကိုဗစ်-၁၉ ခြိမ်းခြောက်မှုကာလအတွင်း ခရီးသွားများ၏ ကျန်းမာရေးကို ဦးစားပေး အဆင့်အတန်းအဖြစ်ဆောင်ရွက်ကာ ခရီးသွားများကို ပြန်လည်လက်ခံသွားရန် အဆင်သင့်ဖြစ်နေပြီဟု ဝန်ကြီးချုပ် ကီရီယာကိုမစ်ဆိုတာကစ် က ဆန်တို ရီနီကျွန်းသို့လာရောက် လည်ပတ်စဉ် အတွင်း ပြောကြားခဲ့သည်။
ယခုနှစ်အတွက် ခရီးသွားရာသီ ကို ဇွန် ၁၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ခရီးသွားများအတွက် အေသင်နှင့် သက်ဆာလေ့နီကီ လေဆိပ်တို့တွင် လေယာဉ်ပြေးဆွဲမှုများ ပြန်လည်စတင်မည်ဟု သိရသည်။
ယခုနှစ် ခရီးသွားရာသီသည် ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ယခင်နှစ်ကထက် နောက်ကျပြီးမှ စတင်နိုင်ခြင်းဖြစ်သည်။ နွေဦးကာလ အတွင်း ပိတ်ဆို့မှုများပြုလုပ်ပြီးနောက် ခရီးသွားရာသီ ပြန်လည်စတင်သည့် အခါ လိုအပ်ချက်များအားလုံးကို ပြင်ဆင်ခဲ့သည်ဟု ဂရိဝန်ကြီးချုပ်က ဇွန် ၁၃ ရက်က အပြည်ပြည်ဆိုင်ရာမှ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့သည်။
ခရီးသွားများ၏ ကျန်းမာရေး လုံခြုံစိတ်ချရမှုအတွက် ဦးစားပေးကာ လိုအပ်သည်များ လုပ်ဆောင် ထားပြီးဖြစ်ကြောင်း ခရီးသွားများ အတွက်လုံခြုံစိတ်ချရရေးကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဒေသတွင်းရောဂါကူးစက်မှုနှင့် ကြုံတွေ့စဉ်ကလည်း လျင်လျင်မြန်မြန်နှင့် အကျိုးသက်ရောက်မှုရှိစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဆေးကုသရေးဆိုင်ရာ အခြေခံအဆောက်အဦးများလည်း လုံလောက်စွာထားရှိကြောင်း ၎င်းက အလေးနက်ထား ပြောကြားခဲ့သည်။ ဂရိနိုင်ငံသည် မတ် ၂၃ ရက်မှစတင်ကာ မေ ၄ ရက်အထိ တစ်နိုင်ငံလုံးအနှံ့ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားခဲ့ပြီး မကြာသေးမီ ရက်ပိုင်းအတွင်းကမှ ပုံမှန်အနေ အထားအတိုင်း တဖြည်းဖြည်းချင်း ပြန်လည် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းသည် ဂရိနိုင်ငံ၏ စီးပွားရေးမောင်းနှင်အားတွင် အဓိကအရေးပါသည့် စီးပွားရေးကဏ္ဍ တစ်ခုဖြစ်ပြီး နောက်ဆုံးမှ ပြန်လည် လုပ်ကိုင်ခွင့်ပေးသည့် လုပ်ငန်းလည်း ဖြစ်သည်။
ဆင်ဟွာ