ဂရင်းလန်းကျွန်းကို မျက်စိကျနေတဲ့ အမေရိကန်

ကလျာမိုးမြင့်


ယခုရက်ပိုင်းအတွင်း သမ္မတထရမ့်က ဒိန်းမတ်နိုင်ငံပိုင် နယ်နိမိတ်တစ်ခုဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ စိတ်ပါဝင်စား နေတယ်ဆိုတဲ့သတင်းက အတော်လေး လူပြောများနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒိန်းမတ် ဝန်ကြီးချုပ်က ဂရင်းလန်းကျွန်းဟာ အမေရိကန်ပြည်ထောင်စုကို ရောင်းချဖို့မဟုတ်ဘူးလို့ ပြောလိုက်တဲ့အခါမှာတော့ ဒိန်းမတ်နိုင်ငံဆီသွားဖို့ရှိနေတဲ့ ခရီးစဉ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကောက်ကာငင်ကာ ဖျက်သိမ်း လိုက်ပါတယ်။

မဖြစ်နိုင်
အစကတော့ ဒိန်းမတ်ဘုရင်မ မာဂရက်သီ ၂ ရဲ့ ဖိတ်ကြားချက်အရ လာမယ့် စက်တင်ဘာ ၂ ရက်မှာ ဒိန်းမတ်နိုင်ငံဆီ အလည်အပတ်လာရောက်ဖို့ သမ္မတထရမ့်က စီစဉ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထရမ့်က ဒိန်းမတ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်တစ်ခုဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ၎င်းကိုယ်တိုင်ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒီရစ်ဆန်က အဲဒီကိစ္စဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စလို့ဆိုခဲ့ပြီး သမ္မတထရမ့်က ဒီစကားကို တကယ်ပြောနေတာမဟုတ်ဖို့ ၎င်းအနေနဲ့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။

ရွှေ့ဆိုင်းမယ်
ဒိန်းမတ်နိုင်ငံဆီ အလည်အပတ် သွားရောက်မယ့်ကိစ္စကို ပယ်ဖျက်ကြောင်းကြေညာရင်း သမ္မတထရမ့်က ဒိန်းမတ်နိုင်ငံဟာ အံ့ဩဖွယ်ကောင်းတဲ့၊ ပြည်သူတွေနေထိုင်ကြတဲ့၊ ထူးခြားတဲ့နိုင်ငံတစ်ခု ဖြစ်တယ်။ သို့သော်လည်း ဝန်ကြီးချုပ် မက်တီဖရက်ဒီရစ်ဆန်ရဲ့ မှတ်ချက်အပေါ်မှာ အခြေပြုပြီး ပြောရမယ်ဆိုရင် ၎င်းဟာ ဂရင်းလန်း ကျွန်းကို ဝယ်ယူရေးဆွေးနွေးဖို့ စိတ်ဝင်စားဟန် မပြဘူး။ ဒီတော့လာမယ့် နှစ်ပတ်အတွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကျွန်ုပ်တို့ရဲ့ တွေ့ဆုံမှုကို နောက်တစ်ကြိမ်ကျမှ လုပ်ဆောင်ဖို့ ရွှေ့ဆိုင်းလိုက်တော့မယ်လို့ တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားခဲ့စဉ်မှာ ထရမ့်က ၎င်းအနေနဲ့ ဂရင်းလန်းကို အမေရိကန် နယ်နိမိတ်ဖြစ်ဖို့အတွက် ဝယ်ယူဖို့ စိတ်ဆန္ဒရှိနေကြောင်းနဲ့ ဒီကိစ္စကို အစိုးရအဖွဲ့အတွင်းမှာ တိုင်ပင်ဆွေးနွေး နေကြောင်း ၎င်းကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စက အတော်လေးကြီးကျယ်တဲ့ နယ်နိမိတ်ဆိုင်ရာ ကိစ္စတစ်ခုလို့လည်း ပြောခဲ့ပါတယ်။

ဒိန်းမတ်ပယ်ချ
ဒါပေမယ့် ထရမ့်ရဲ့ အဲဒီစိတ်ကူးကို ဂရင်းလန်းကျွန်း တာဝန်ရှိသူတွေနဲ့ ဒိန်းမတ်အာဏာပိုင်တွေက ပယ်ချလိုက်ပါတယ်။ ဂရင်းလန်းကျွန်းဟာ ရောင်းချဖို့မဟုတ်ဘူး၊ ဒါပေမယ့် အမေရိကန်အပါအဝင် တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးအတွက်၊ ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်တော့ ဂရင်းလန်းကျွန်းကို တံခါးဖွင့်ထားတယ်လို့ ဂရင်းလန်းကျွန်း အကြီးအကဲ ကင်ကီရယ်လ်ဆန်က ပြောပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း လာလော့ကီရက်စ်မူဆင်ကဆိုရင် ဂရင်းလန်းကျွန်းကို ဝယ်ချင်တယ်ဆိုတဲ့ ထရမ့်ရဲ့စကားဟာ ဧပရယ်ဖူးဒေး ဟာသတစ်ခုပဲ ဖြစ်သင့်တယ်လို့ တွစ်တာပေါ်မှာ သရော်ခဲ့ပါတယ်။ အကယ်၍ ဒီကိစ္စကို ထရမ့်က အမှန်တကယ် စဉ်းစားနေတယ်ဆိုရင်တော့ သမ္မတထရမ့်ဟာ ရူးနေပြီဆိုတာ သေချာသလောက်ရှိသွားပြီလို့ ဒိန်းမတ်ပြည်သူ့ ပါတီရဲ့ ပြည်ပရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆိုရန် အက်စပါဆန်က ပြောကြားခဲ့ပါတယ်။

ဂရင်းလန်းဆိုတာ
ဂရင်းလန်းကျွန်းဟာ ဩစတြေးလျပြီးရင် ကမ္ဘာ့အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်ပြီး ၎င်းရဲ့ ကိုယ်ပိုင်အခွင့်အရေးအရ တိုက်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ နယ်နိမိတ်ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်ပြီး မြောက်အတ္တလ္တိတ်နဲ့ အာတိတ် သမုဒ္ဒရာအကြားမှာ တည်ရှိနေပါတယ်။

ကျွန်းရဲ့ လူဦးရေဟာ ၅၆၀ဝဝ ရှိပြီး ကမ်းခြေအနီးတစ်ဝိုက်မှာ စုဝေးနေထိုင်ကြပါတယ်။ အဲဒီမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းက inuit တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ အစိုးရတစ်ရပ်နဲ့အတူ ကိုယ်ပိုင် ပါလီမန်လွှတ်တော်လည်း ရှိပါတယ်။

ရေခဲပျော်ကျမှုအန္တရာယ်
ကျွန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေခဲထုဖုံးလွှမ်းနေပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲထု ပြိုကျနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေရပါတယ်။ ရေခဲတွေ အရည်ပျော်မှုက ဂရင်းလန်းရဲ့ သဘာဝတွင်းထွက် သယံဇာတ အရင်းအမြစ်တွေ ရယူမှုကို ပိုမိုတိုးပွား လာစေခဲ့ပါတယ်။ သို့သော်လည်းပဲ ရေခဲပျော်ကျမှုက စစ်အေးခေတ်အတွင်း အမေရိကန် စစ်အခြေစိုက်စခန်း တည်နေရာအများအပြားမှာ ကျန်ရစ်နေတဲ့ အဆိပ်ရှိ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကို ပြန်ပေါ်လာစေနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ထရမ့်ဘာကြောင့် စိတ်ဝင်စားသလဲ
ဂရင်းလန်းကျွန်းကို သမ္မတထရမ့်က စိတ်ဝင်တစားရှိနေရတဲ့ အကြောင်းကတော့ ကျွန်းရဲ့ သဘာဝသယံဇာတတွေဖြစ်တဲ့ ကျောက်မီးသွေး၊ သွပ်၊ ကြေးနီနဲ့ သံမဏိသတ္တုရိုင်းတွေ ကြွယ်ဝစွာရှိတဲ့အတွက် ကြောင့်ပါပဲ။ တွင်းထွက် သယံဇာတ ပစ္စည်းတွေ ကြွယ်ဝနေသော်ငြားလည်းပဲ ဂရင်းလန်းကျွန်းရဲ့ ပျော့ကွက်ကတော့ ကျွန်းရဲ့ ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ အခွန်ဘဏ္ဍာရဲ့ သုံးပုံနှစ်ပုံအတွက် ဒိန်းမတ်ကို မှီခိုအားထားနေရတယ်ဆိုတဲ့ အချက်ပါပဲ။ တခြားသော အပြစ်အနာအဆာ တွေကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ၊ အရက်စွဲတဲ့သူ အရေအတွက်နဲ့ အလုပ်လက်မဲ့ အရေအတွက် မြင့်မားလာနေတာတို့ ဖြစ်ပါတယ်။

မဟာဗျူဟာအရ အရေးပါ
ဒါပေမယ့် သမ္မတထရမ့်ဟာ ဂရင်းလန်းကျွန်းရဲ့ တည်နေရာအနေ အထားကြောင့်ဖြစ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ တန်ဖိုးကိုပါ စိတ်ဝင်စားနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ အမေရိကန်ဟာ ဂရင်းလန်းကျွန်းကို မဟာဗျူဟာအရ အရေးပါတဲ့ တည်နေရာအဖြစ် သိနေခဲ့တာကြာပြီဖြစ်ပြီး စစ်အေးတိ်ုက်ပွဲ စတင်ခဲ့ချိန်ကတည်းက အဲဒီ နေရာမှာ လေတပ်နဲ့ ရေဒါအခြေစိုက်စခန်းတွေ တည်ဆောက်ခဲ့တယ် လို့သိရပါတယ်။

ဂရင်းလန်းကျွန်းကို ဝယ်ယူချင်တဲ့ ထရမ့်ရဲ့စိတ်ကူးကို ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မိုက်ဂေါ်လက်ဂါက ပြောင်မြောက်တဲ့ ပထဝီနိုင်ငံရေး ခြေလှမ်းတစ်ခုလို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်းကို မဟာဗျူဟာအရ စိတ်ဝင်စားနေပြီး ဒီကိစ္စဟာ ဆွေးနွေးမှုစကားဝိုင်းပေါ် အမှန်တကယ် ရောက်လာသင့်တယ်လို့ ၎င်းက တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

ယခင်က ကြိုးစားခဲ့ဖူးလား
အမေရိကန်ပြည်ထောင်စုဟာ သမ္မတအန်ဒရူး ဂျွန်ဆင်လက်ထက် ၁၈၆၀ ပြည့်နှစ်များအတွင်းမှာ ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ တစ်ကြိမ် စိတ်ကူးကြံစည်ခဲ့ဖူးပါတယ်။ ၁၈၆၇ ခုနှစ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဂရင်းလန်းကျွန်းရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာအနေ အထားနဲ့တကွ သဘာဝသယံဇာတ ပေါကြွယ်ဝမှုနဲ့ပတ်သက်လို့ အကြုံပြုခဲ့ပြီး ဒီနယ်နိမိတ်ကို ရယူဖို့ ကြိုးစားစေခဲ့ပါတယ်။ သို့သော်လည်းပဲ အဲဒီအတွက် တရားဝင်လှုပ်ရှားဆောင်ရွက်မှုကို တွေ့ခဲ့ရခြင်း မရှိပါဘူး။ ၁၉၄၆ ခုနှစ်မှာတော့ ဟယ်ရီထရူးမင်းက ဂရင်းလန်းကို အမေရိကန်ဒေါ်လာ သန်း ၁၀ဝ နဲ့ရောင်းဖို့ ဒိန်းမတ် အာဏာပိုင်တွေကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လတ်တလောမှာတော့ ဂရင်းလန်းကျွန်းကို မျက်စိကျနေတဲ့ ထရမ့်ရဲ့ စိတ်ကူးဟာ သိပ်ပြီးတော့ အခြေအနေ ဟန်မယ့်ပုံ မရှိသေးပါဘူး။ ဂရင်းလန်းကျွန်းဟာ ရောင်းဖို့မဟုတ်ဘူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တည်ရှိနေတဲ့ နယ်နိမိတ်တစ်ခုကို ရောင်းချမယ်ဆိုတဲ့ စိတ်ကူးဟာ အဓိပ္ပာယ်မရှိဘူးလို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက် ဒီရစ်ဆန်က ပြောကြားလိုက်ပြီးတဲ့ နောက်မှာတော့ သမ္မတထရမ့်က ဝန်ကြီးချုပ်ရဲ့ တဲ့တိုးပြောဆိုမှုအပေါ်မှာ ကျေးဇူးတင်တယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပြီး ဒိန်းမတ်ဆီသွားမယ့် ခရီးစဉ်ကိုပါ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ