နူးခ် ဇန်နဝါရီ ၁၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ မှတ်ချက်များကို သဘောမတူကြောင်း ၎င်း၏ သဘောထားကို ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေ ဂရင်းလန်းဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားလိုက်သည်။ ထရမ့်က   ဂရင်းလန်းကို အမေရိကန်က  ပိုင်ဆိုင်သင့်ကြောင်း ထပ်ခါတလဲလဲ ပြောကြားထားသည်။

ဝန်ကြီးချုပ် အက်ဒီက ၎င်း၏ နယ်မြေပိုင်နက်အတွင်း ကာကွယ်ရေးနှင့် တွင်းထွက်သယံဇာတများ တူးဖော်ရေး စသည့်နယ်ပယ်များတွင် အမေရိကန်၊ အခြားနိုင်ငံများနှင့်အတူ   ပူးပေါင်းဆောင်ရွက် သွားရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဒေသ၏ အဓိကမြို့ဖြစ်သော နူးခ်၌ ဇန်နဝါရီ ၁၃ ရက် သတင်းစာရှင်းလင်း ပွဲတွင် အက်ဒီက သတင်းထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်သည်   နိုင်ငံ့လုံခြုံရေးအတွက် ဂရင်းလန်းကို ရယူရန်   လိုအပ်ကြောင်း   ထရမ့်၏   ထပ်ခါတလဲလဲ မှတ်ချက်များ ပေါ်ထွက်လာပြီး နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဂရင်းလန်းပြည်သူများသည်    ဒိန်းမတ်လူမျိုး    သို့မဟုတ် အမေရိကန်လူမျိုး မဖြစ်ချင်ကြကြောင်း အက်ဒီက ပြောသည်။ ထို့အပြင် ဂရင်းလန်းနယ်မြေ၏  အနာဂတ်ကို    ဂရင်းလန်းပြည်သူများကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဂရင်းလန်းသည် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဒိန်းမတ်အပေါ် မှီခိုအားထားနေရကြောင်း သိရသည်။ ဂရင်းလန်းဒေသကို ပိုမို အရေးပါသော အသံတစ်ခုအဖြစ် နားထောင်လာကြခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဝန်ကြီးချုပ် အက်ဒီက ပြောသည်။ စိတ်အေးချမ်းစွာ နေထိုင်ရန်၊ အခွင့်အရေးများကို အကောင်းဆုံးအသုံးချရန်နှင့် စည်းလုံးညီညွတ်ကြရန်   ၎င်းက   ဂရင်းလန်းပြည်သူ များအား  တိုက်တွန်းထားသည်။

အင်န်အိတ်ချ်ကေ