ဂရင်းလန်း ဇန်နဝါရီ ၁၈

ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးဌာနက  ဂရင်းလန်းတွင် ၎င်း၏ ကာကွယ်ရေးအင်အားတိုးမြှင့်မည်ဟု ကြေညာခဲ့ပြီး ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့က ဒိန်းမတ်၏  တောင်းဆိုချက်အရ  ၎င်းနေရာသို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေဖြစ်သည့် ဂရင်းလန်းကို ထိန်းချုပ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက် ယခုလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂရင်းလန်းသည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

သို့သော် ဒိန်းမတ်နှင့်  ဂရင်းလန်းအာဏာပိုင်တို့က  အမေရိကန်၏ ထိန်းချုပ်ရန်ကြိုးပမ်းချက်များကို ဆန့်ကျင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက ဂရင်းလန်းတွင် ဒိန်းမတ်တပ်ဖွဲ့များ၏ တိုးမြှင့်လေ့ကျင့်ရေးလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

ပထဝီဝင်နိုင်ငံရေး တင်းမာမှုများသည် အာတိတ်ဒေသသို့ ပျံ့နှံ့လျက်ရှိပြီး ဒိန်းမတ်နိုင်ငံ၌ ကာကွယ်ရေးအင်အားတိုးမြှင့်ရန် လိုအပ်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုရယ်စ် လန်ပေါဆန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒိန်းမတ်၏ တောင်းဆိုချက်အရ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့က ဂရင်းလန်းသို့ ၎င်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ဒိန်းမတ်နှင့် အဓိကမဟာမိတ်များသည် အာတိတ်ဒေသ၌ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်စေရန်  ရည်ရွယ်ခြင်းဖြစ်ကြောင်း ဥရောပမီဒီယာတစ်ခု၏ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့သည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်