၂၁ မေ
မိမိတို့နိုင်ငံကို လူတစ်ဦးအနေဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုကို ရောဂါဆိုးတစ်ခုအနေဖြင့်လည်းကောင်း ဥပမာပေးမည်ဆိုပါက လက်ရှိ နိုင်ငံ၏အခြေအနေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဆီသို့ ရောဂါဆိုးပျံ့နှံ့နေသည့် အခြေအနေသို့ ရောက်ရှိနေသည်။ အစိုးရဌာနများ၊ အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဓလေ့ထုံးတမ်း အပါအဝင်ဖြစ်သည့် အင်စတီကျူးရှင်းဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်လုံးသည်လည်း အဂတိလိုက်စားမှုရောဂါဆိုးကြောင့် အပြင်းအထန် နာမကျန်းဖြစ်နေရပြီဖြစ်သည်။ ဤသည်မှာ ယမန်နှစ်ဒီဇင်ဘာလဆန်းပိုင်းက ကျင်းပခဲ့သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဖိုရမ်တွင် ပြောကြားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၏ အမှာစကားပါ အချက်အလက်များကို ကိုးကား၍ သုံးသပ်တင်ပြရခြင်းပင် ဖြစ်သည်။
အဂတိလိုက်စားမှုရောဂါက နာတာရှည်သဖွယ်အမြစ်တွယ်နေပြီ ဖြစ်သည့်အလျောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကလည်း ရောဂါကုထုံးသဖွယ် အနာနှင့်ဆေး တည့်အောင်ပေးကာ နာမကျန်းမှုများကင်းစင် ပပျောက်သည်အထိ နည်းလမ်းအသွယ်သွယ်ဖြင့် အချိန်ယူကုသသွားရမည်သာ ဖြစ်သည်ဟု ယုံကြည်မိသည်။ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုများ အပါအဝင် အဂတိလိုက်စားမှုများက နေရာတိုင်း၊ အဆင့်တိုင်းတွင် ထုနှင့်ထည်နှင့် စွဲကပ်နေဆဲဖြစ်သလို ကင်ဆာရောဂါဆဲလ်များ သဖွယ်ပင် အခြေအနေပေါ်လိုက်၍ ပြောင်းလဲဖုံးကွယ် ရှောင်တိမ်းရှင်သန် နေဆဲဖြစ်သည့်အတွက်ကြောင့်လည်း နှိမ်နင်းရန်၊ တိုက်ဖျက်ရန်အခက်အခဲကြီးမားနေခြင်းဖြစ်သည်ဟု နားလည်ရသည်။
အချို့သော ရုံးဌာနများတွင် အောက်ခြေမှသည် အထက်အဆင့်ဆင့်သို့ ဆိုင်ရာဆိုင်ရာအဆင့်အလိုက်၊ အချိုးအစား အလိုက်ဝေပုံကျခွဲဝေကြကာ အသံမထွက်စေသောနည်းဖြင့် အဂတိလိုက်စားနေကြသည်များလည်း ရှိနေသည်။ အဆိုပါ ရုံးဌာနများသို့ သွားရောက်၍ ဝန်ဆောင်မှုရယူကြရသည့် ပြည်သူများထံမှ လည်းကောင်း၊ အချင်းချင်း မကျေလည်သည့်အခါ ကျမှသာလည်းကောင်း အဂတိလိုက်စားမှုသတင်းများ ပြင်ပသို့ ပေါက်ကြားလာတတ်သည်။
လက်ရှိအခြေအနေတွင် နိုင်ငံနှင့်အဝန်းရှိ အဂတိလိုက်စားမှု၏ အထုအထည်ကြီးမားခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သလောက် ကော်fမရှင်၏ လူသားအရင်း အမြစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံအားနည်းနေခြင်း စသည့် အခြေခံအကြောင်းတို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ စိတ်သွားတိုင်းကိုယ်မပါ ထင်တိုင်းမပေါက်သေးဟုဆိုသည့်တိုင် ကြီးမားသည့် အရွေ့များ ရှိနေသည်ကိုလည်း အသိအမှတ်ပြုကြရမည်ဖြစ်သည်။ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတော်၏ ခိုင်မာသည့် သန္နိဋ္ဌာန်တစ်ခုဖြစ်သည်ကို ပိုမိုထင်ရှားစွာ တွေ့မြင်လာနေရ ပြီး အဂတိလိုက်စားမှုများကိုလည်း ပြည်သူများက လက်မခံဘဲ ပိုမိုဆန့်ကျင်လာနေခြင်း၊ ဓလေ့ထုံးစံသဖွယ်ဖြစ်နေသော အဂတိလိုက်စားမှု ပုံစံအချို့တို့မှာလည်း ခေါင်းလျှိုငုပ်လျှိုးသွားကြခြင်း စသည်တို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အရွေ့များအနက်မှ အချို့ပင်ဖြစ်သည်။ ဤသည်မှာ ရှေ့သို့ဆက်လက်လှမ်းတက်သွားရမည့်ခြေလှမ်းများအတွက် အင်အားများဖြစ်သည်ဟု ဆိုနိုင်သည်။
မိမိတို့အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ တတ်နိုင်သည့်ကဏ္ဍများမှ ဝိုင်းဝန်းပါဝင်ကူညီပေးခြင်းဖြင့် နိုင်ငံတော်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်တာများကို အားဖြည့်ပေးကြဖို့ပင်ဖြစ်သည်။ အထူးသဖြင့် ပြည်သူများနှင့် မီဒီယာများအပါအဝင် စုပေါင်းအင်အားများဖြင့် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုတို့အပေါ် စွဲကပ်နေသည့် အဂတိလိုက်စားမှု ရောဂါဆိုးကို ပါဝင်တိုက်ဖျက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း