စိုင်းသာလှိုင် (လိမ္မော်မြေ)

 

မြူခိုးတွေဝေ၍ မိုးနှင်းများ တဖွဲဖွဲကျဆင်းသည့် လနတ်တော်သို့ရောက်ရှိလေတိုင်း စာဆိုတော်ကြီးများအား ဖိတ်ကြားလျက် စာပေဟောပြောပွဲကို မြန်မာနိုင်ငံ တစ်နံတစ်လျား ကျင်းပကြသည်။ ဤစာဆိုတော်ကြီးများ၏ အကြောင်းခြင်းရာကိုလည်း ဂုဏ်ပြုပူဇော်ရေးသားခဲ့ကြ သည်။ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ချီးမြှောက်ဂုဏ်ပြုရသည်မှာလည်း ဂါရဝတရားနှင့် ညီညွတ်မှု၊ တန်ဖိုးထားမှုများပင်ဖြစ်သည်။ တစ်နည်းဆိုရ ပါလျှင် နတ်တော်လသည် စာဆိုတော်ကြီးများကို ချီးမြှင့် မြှောက်စားသောလဖြစ်သည်။

 

မြန်မာစာဆိုတော်ကြီးများ၏ အကြောင်းခြင်းရာများ ကို နောင်လာနောက်သားများသိရှိအားကျ အတုယူဖွယ်ရာ ခေတ်အဆက်ဆက် စာရေးဆရာကြီးများက ဂုဏ်ပြုရေးသား ခဲ့သဖြင့် နှောင်းခေတ်လူငယ်များ သိရှိလိုက်နာမှတ်သားခဲ့ ရပေသည်။

 

ထိုနည်းအတူ ရှမ်းတိုင်းရင်းသားများတွင်လည်း ခေတ်အဆက်ဆက်ရဟန်းစာဆို၊ အမတ်ကြီးစာဆို၊ လူပုဂ္ဂိုလ်စာဆိုတော်ကြီးများ ရှိခဲ့ပေသည်။ ရှမ်းစာပေ အက္ခရာများ မည်သည့် ခေတ်ကာလက ပေါ်ထွန်းလာ ကြောင်း ရှမ်းတိုင်းရင်းသားစာဆိုများထံ မေးမြန်းစေ့ငု ကြည့်သော်ငြားလည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကာလက ''မိုင်းတိမ်'' မြို့မှ ရှမ်းတိုင်းရင်းသားဆရာတော် ''ဓမ္မဒိန္ဒမထေရ်''မှ စတင်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ အချို့ ပညာရှင်များအနေဖြင့် ပုဂံခေတ်ကာလက ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

 

ပုဂံပျူစောထီးဘုရင်အုပ်စိုးစဉ် ကမ်းယံလူမျိုးများ ထကြွသဖြင့် သီပေါအုန်းဘောင်မင်း ပေါအဲဖြူထံ လက်ဆောင်ပဏ္ဏာသဝဏ်လွှာများနှင့် ဘဒ္ဒသေနအမတ်နှင့် ဘဒ္ဒဝဏ္ဍအမတ်နှစ်ပါးကိုစေလွှတ် စစ်ကူတောင်းသဖြင့် အုန်းဘောင်မင်းက သဝဏ်လွှာများနှင့် ဂါမဏိစန္ဒာ အမတ်ကို ဆင်၊ မြင်းဗိုလ်ပါများ အပ်နှင်း၍ စစ်ကူလွှတ်ရာ အုန်းဘောင်ရာဇဝင်တွင် ပါရှိသည့်အပြင် သက္ကရာဇ် ၈၈၈ ခုနှစ်မတိုင်မီ ရှေးပဝေသဏီကာလကပင် ရှမ်းပြည်နယ်တွင် ရှမ်းစာပေအက္ခရာ ပေါ်ပေါက်ကာ ရှမ်းတိုင်းရင်းသားများ ရှမ်းစာပေတတ်မြောက်ပြီးဖြစ်ရာ ရှမ်းစာပေအက္ခရာ များသည် ပုဂံခေတ်ကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရပေသည်။

 

ရှမ်းပြည်နယ်တွင်သူမတူအောင် ဉာဏ်ပညာထက်မြက် ကွန့်မြူးကျမ်းပြုဆရာ ရှေးပညာရှိ အကျော်အမော်များမှာ-

 

၁။ ရဟန်းပညာရှိ စဝ်ဓမ္မဒိန္ဒ

 

၂။ ယွမ်းဂိုဏ်းဆရာတော် စဝ်ပညာဘောဂ

 

၃။ မန်ဟုတ်ဆရာတော်

 

၄။ စဝ်ကမ်းဘေ

 

၅။ စဝ်ကောလီ

 

၆။ စဝ်မိုင်းနောင်

 

၇။ စဝ်နော်ခမ်း

 

၈။ စဝ်ဝေါလခဲ

 

၉။ သီပေါမြို့နယ်မှ စာပေ ပညာရှင်ကြီး များ

 

၁ဝ။ စဝ်နန်းခမ်းကူ (အမျိုးသမီးစာဆို)တို့ ဖြစ်ကြ သည်။ (စာရေးသူလက်လှမ်းမီသမျှ တင်ပြရခြင်းဖြစ်ပါသည်။ ကျန်ရှိသော စာဆိုများ၏ အမည်နှင့် ဓာတ်ပုံအချို့ကို မဖော်ပြနိုင်သဖြင့်ခွင့်လွှတ်ပါရန် အနူးအညွတ်တောင်းပန်ပါ သည်)

 

ရဟန်းပညာရှိ စဝ်ဓမ္မဒိန္ဒ

 

ခမည်းတော် လုံးထမ်းအူ၊ မယ်တော် ပါထမ်းဆွယ်တို့မှ လွယ်လမိုင်းတင်တိုက်နယ် ဝမ်ခမ်စေဟတ်ကျေးရွာတွင် သက္ကရာဇ် ၉ဝ၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ စိုင်းခမ်းတင် ဖြစ်ပြီး ပါဠိ၊ ကျမ်းဂန်များကို ဆရာအဖြစ်သင်ကြား တတ်မြောက်ခဲ့သည်။ ဗုဒ္ဓစာပေကျမ်းဂန်များကို ရှမ်းစာပေသို့ ဘာသာပြန်၍ ရှမ်းပြည်နယ်၏စာပေဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် စာဆိုဆရာတော်ကြီးဖြစ်သည်။

 

ဆရာတော်ကြီး၏ ကျမ်းဂန်များမှာ ပိဋကတ်သုံးပုံ၊ ပဋိစ္စသမုပ္ပာဒ်၊ အနိစ္စမူလ သက်သေနမောကြီး၊ မင်္ဂလသုတ်ပါဠိနှင့် အဓိပ္ပာယ်ပြန်၊ ရှင်သာမဏေများအမေး၊ အဖြေပုစ္ဆာ၊ ပရမတ္တသုတ္တန် စသောထင်ရှား သည့် ကျမ်းပေါင်း ၁၁ ကျမ်းကို ပြုစုခဲ့သည်။ သက်တော် ၉၉ နှစ်၊ သက္ကရာဇ် ၁ဝဝ၂ ခုနှစ် ကဆုန်လဆန်း ၉ ရက် စနေနေ့ညနေတွင် ပျံလွန်တော်မူသည်။

 

ယွမ်းဂိုဏ်းဆရာတော် စဝ်ပညာဘောဂ

 

ငယ်စဉ်က မိုးနဲကျောင်းတွင် စဝ်ကောလီ နှင့်ကျောင်းနေဖက်ဖြစ်သည်။ သံလွင်မြစ် အရှေ့ဘက်တန်း ဆေမြို့သို့ ပြောင်းရွှေ့နေထိုင် ပြီး ကျမ်းပြုစုရာ၌ ကျော်ကြားလှသဖြင့် ယင်းမြို့ကို အစွဲပြု၍ ဆရာတော်တန်းဆေဟု အမည်တွင်ခဲ့သည်။ ဆရာတော်၏ဘွဲ့တော်မှာ စဝ်ပညာဘောဂဖြစ်ပြီး ၎င်းပြုစုသောကျမ်းများ သည် ဘုရားဟော ပိဋကတ်တော်ကနည်းပြီး ဆုံးမစာ၊ ဒဏ္ဍာရီပုံပြင်များနှင့် ဆေးကျမ်းဗေဒင် ကျမ်းများက များသည်။ ဆရာတော်၏ ကျမ်းများအနက် ''ခွန်ဆန်လော၊ နန်းဦးပျင်'' ရှမ်းဒဏ္ဍာရီဝတ္ထုကြီးမှာ ရှမ်းပြည်နယ်တွင် အောင်မြင်ကျော်ကြားဆုံးသော ဝတ္ထုကြီးဖြစ် ကြောင်း သိရသည်။ 

 

မန်ဟုတ်ဆရာတော်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမန်စံ နယ် မန်ဟုတ်ကျောင်း ဆရာတော်ဖြစ်သည်။ ဆရာတော်သည် မိမိကျောင်းသို့ ရောက်ရှိ လာသော အာဂန္တုရဟန်းတော်ဧည့်သည် များနှင့် စကားပြောမပျက် ကွမ်းကိုယာစားရင်း ပူစာရေး(ခေါ်) ရှမ်းစာရေးဆရာ သုံးဦးကို အလှည့်ကျ တစ်ပိုဒ်စီပြောလျက် ကျမ်းသုံးကျမ်း တစ်ကြိမ်တည်းပြုနိုင်သည်။ ဆရာတော်ပြုစု ခဲ့သော ကျမ်းများတွင် လောကုတ္တရာကျမ်းထက် လောကီကျမ်းက ပိုများသည်ဟုဆိုသည်။

 

စဝ်ကမ်းဆေ

 

ရှမ်းစာပေပညာရှင်ကြီး စဝ်ကမ်းဆေကို ရှမ်းပြည်နယ်ဒေသတွင် ဖခင် ပူလွတ်၊ မိခင် နိုင်းဆန်တို့က သက္ကရာဇ် ၁၁၄၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် သောကြာနေ့ တွင် ဖွားမြင်သည်။ ၎င်းသည်လောကီ၊ လော ကုတ္တရာ ကျမ်းပေါင်းမြောက်မြားစွာရေးသား ခဲ့သည်။ အသက် ၉၄ နှစ် သက္ကရာဇ် ၁၂၄၃ ခုနှစ် တန်ဆောင်မုန်းလတွင် ကွယ်လွန်ခဲ့သည်။

 

စဝ်ကောလီ

 

မိုင်းပန်မြို့နယ် နောင်ခေါက်လဲကျေးရွာ တွင် ဖခင် လုံးကျောင်းနွံ၊ မိခင် ပကျောင်းဆိုင် တို့က သက္ကရာဇ် ၁၂ဝ၉ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် တနင်္လာနေ့တွင် ဖွားမြင် သည်။ စာပေပညာရှင်ကြီး စဝ်ကောလီသည် ငယ်စဉ်က တောင်ပိုင်းရှမ်းပြည် မိုးနဲမြို့တွင် ပညာသင်ကြားပြီး မန္တလေးရတနာပုံမြို့တော် သို့သွားရောက်၍ ပညာသင်ကြားရာ ထူးချွန် ထက်မြက်သဖြင့် မင်းတုန်းမင်းတရားကြီး၏ ရှင်ပြုကိတ္တိမသားဖြစ်သည်။ ပထမကျော် အောင်မြင်ပြီး လူထွက်၍ ဇာတိ မိုးနဲမြို့သို့ ပြန်ရောက်နေထိုင်ကာ ပိဋကတ်ကျမ်းစာများ ကို ရှမ်းဘာသာပြန်ဆိုရေးသားလျက် ပုရပိုက် ပေါ်တွင် ရှေးဦးစွာတင်သွင်းသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

 

မိုးနဲတွင် သြဇာတိက္ကမအကြီးမားဆုံး ဖြစ်သော ယွမ်းဂိုဏ်းဆရာတော်ကြီးများနှင့် အယူအဆကွဲလွဲသဖြင့် မိုင်းကိုင်မြို့တွင် ပြောင်းရွှေ့နေထိုင်ပြီး ကျမ်းပြုလျက်ရှိရာ အသက် ၆၃နှစ် သက္ကရာဇ် ၁၂၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် တနင်္လာနေ့ တွင် ကွယ်လွန်ခဲ့သည်။

 

''မြန်မာလယ်တီ၊ရှမ်းကောလီ'' ဟု ရှေးဆိုရိုးစကားအတိုင်း မြန်မာမှ လယ်တီ ဆရာတော်ကြီးမှာ စာပေကျမ်းဂန်တွင် ပါရဂူ မြောက်တတ်ကျွမ်းသည့် စာပေပညာရှင်ကြီး ဖြစ်သလို ရှမ်းပြည်နယ်တွင်လည်း စာပေ ပညာရှင်ကြီး စဝ်ကောလီမှာ ပါဠိဘာသာ အလွန်ကျွမ်းကျင်သည့်ပညာရှင်ကြီးဖြစ်သည်။

 

စဝ်မိုင်းနောင် (ခေါ်) အမတ်ကြီးမိုင်းနောင်

 

စဝ်မိုင်းနောင်ကို မိုင်းနောင်တိုက်နယ် ဝမ်ပန်ဆုံကျေးရွာတွင် ဖခင်ဘုရားဒါယကာ လုံးမှန်စီ၊ မိခင် ပါမန်စီတို့က သက္ကရာဇ် ၁၂၁၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် သောကြာနေ့တွင် ဖွားမြင်သည်။

 

ကျေးဆီးမန်စံနယ် မိုင်းနင်းကျောင်းတွင် ကျမိုင်း စဝ်နော်ခမ်းနှင့် ကျောင်းနေဖက်ဖြစ် သည်။ အသက် ၁၇ နှစ် အရွယ်က ကျမ်းပြု သော ပုဂ္ဂိုလ်ဖြစ်သည်။ အမတ်ရာထူးနှင့် မိုင်းနောင်မြို့တွင် အုပ်ချုပ်နေထိုင်ရာ စိတ်ချမ်းသာမှုမရှိသဖြင့် ရာထူးကထွက်ပြီး သိန်းနီမြို့သို့ ပြောင်းရွှေ့ ကျမ်းပြုနေရာ သိန်းနီစော်ဘွားကြီးက စာပုံနှိပ်စက် ထူထောင် ပေး၍ အမတ်ကြီးကိုယ်တိုင် ဦးစီးလုပ်ကိုင်ပြီး မိမိကိုယ်တိုင် ဘာသာပြန်ရေးသားသော သတိပဋ္ဌာန်ကျမ်း၊ ဓမ္မပဒဝတ္ထုတော်၊ ရာဇဟိ တဒီပနီကျမ်းများကို ဒေသထွက် မိုင်းကိုင် စက္ကူပေါ်တွင် ရှမ်းအက္ခရာစာနှင့် စက်တင် ပုံနှိပ်ခဲ့သည်။

 

ရှမ်းစာပေပညာရှင်ကြီး စဝ်မိုင်းနောင် သည် သက္ကရာဇ် ၁၂၆၇ ခုနှစ် တန်ဆောင်မုန်း လဆန်း ၄ ရက် စနေနေ့တွင် ကွယ်လွန်ခဲ့သည်။

 

စဝ်နော်ခမ်း

ရှမ်းစာဆိုတော်ကြီး စဝ်နော်ခမ်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကျေးစီးတိုက်နယ် ဝမ်ပေါ့တန်းလွယ်ကျေးရွာတွင်ဖခင် လုံးပညာ၊ မိခင် နန်းခမ်းပါတို့က သက္ကရာဇ် ၁၂၁၈ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် စနေနေ့တွင် မွေးဖွားသည်။

 

မိုင်းကိုင်စော်ဘွားမျိုးဖြစ်သည်။ ရှမ်းကဗျာ၊ လင်္ကာသိုက်သမိုင်း၊ ရာဇဝင်များကို ပြောင်မြောက်စွာ ရေးသားနိုင်၍ ၎င်းပြုစုသော ကျမ်းနှင့် ကဗျာများမှာ နုရွယဉ်ကျေးသိမ်မွေ့လှ သဖြင့် ၎င်းကို ရှမ်းပြည်နယ် ဦးပုညဟု တင် စားကြသည်။ ထို့အပြင် ကျီးသဲလေးထပ် ဆရာတော်ကြီး ရေးသားတော်မူသော ဇိနတ္ထပကာသနီကျမ်းကို မူလအနေအထား အတိုင်း မချွတ်ယွင်းစေဘဲ ရွှေပြည်ဝင်ဟူသော အမည်ဖြင့် ရှမ်းဘာသာဖြင့် ပြန်ဆိုရေးသား သည့် ကျမ်းနှင့် ရာဇောဝါဒဒီပနီကျမ်းတို့မှာ ထင်ရှားလှသည်။ သက္ကရာဇ် ၁၂၅၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် အသက် ၃၉ နှစ်တွင် လောကီ၊ လောကုတ္တရာကျမ်းပေါင်းများ စွာကိုပြုစုရင်း ကွယ်လွန်သည်။

 

စဝ်ဝေါလခဲ

 

ရှမ်းစာပေပညာရှင်ကြီး စဝ်ဝေါလခဲကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် ဖခင် လုံးဖြစ်၊ မိခင် ပါနန်းရင်တို့က သက္ကရာဇ် ၁၂၅၁ ခုနှစ် တန်ဆောင်မုန်းလ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ ငယ်အမည်မှာ စိုင်းဖိုးရှင် ဖြစ်ပြီး ညီအစ်ကို မောင်နှမ လေးယောက်တွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်ကာလ ညောင်ရွှေ စော်ဘွားသားများနှင့် ကျောင်းနေဖက်ဖြစ်ပြီး ခုနစ်တန်းအောင်သော် ရပ်စောက်စော်ဘွားရုံး မှာ စာရေးလုပ်ကာ ပါနန်းညွန့်နှင့် အိမ်ထောင် ကျသည်။ ထို့နောက် ရပ်စောက်မှ တောင်ကြီး သို့ ပြောင်းရွှေ့ပြီး ဂါတ်စာရေးဝင်လုပ်သည်။ ဆက်လက်၍ ကယားပြည်နယ်ဖားဆောင်းတွင် စာရေးမှတစ်ဆင့် အခွန်အမတ်၊၎င်းမှ ဝေါလခဲ နယ်ဝန်ကြီးဖြစ်လာသည်။ စာပေ၊ ဂီတဝါသနာ ထုံ၍ အသိအမြင်ကြွယ်ဝပြီး မိမိအိမ်တွင် စာဆိုတော်များတည်းခိုရန် ဧည့်ရိပ်သာ ဆောက်လုပ်၍ နေ့ညမပြတ် စာပေဆွေးနွေးပွဲ ကျင်းပသည်။ ဂီတဝါသနာပါသဖြင့် ပတ္တလား တီးရာ၌ ထူးချွန်သည်။ တယောထိုးပြီး ကိုယ်တိုင် သီချင်းဆိုရေးစပ်ခဲ့သည်။

 

စာဆိုကြီး စဝ်ဝေါလခဲသည် နိဗ္ဗာန်သွား သောလမ်း ကျမ်းသာ၊ ဝိပဿနာဒီပနီ၊ ဇိနတ္ထ ပကာသနီကျမ်းတို့ကို ရှမ်းဘာသာဖြင့် ပြန်ဆို ခဲ့ပြီး ဇာတ်ကြီးဆယ်ဘွဲ့ကိုလည်း ပြန်ဆိုခဲ့ သည်။ ၁၃၄၆ ခုနှစ်တွင် ညောင်ရွှေသို့ပြန်လာ ခဲ့ပြီး ၁၃၄၈ ခုနှစ် တန်ဆောင်မုန်းလတွင် ကွယ်လွန်ခဲ့သည်။

 

သီပေါမြို့နယ်မှစာပေပညာရှင်ကြီးများ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ ရွှေစေတီကျောင်းဆရာတော်သည်ဝိနည်းငါးကျမ်းအဘိဓမ္မာကျမ်းနှင့် ယပ်လှဲယင်တောင် တရားစာများကို ရှမ်းဘာသာဖြင့်ပြန်ဆိုခဲ့ သည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ အမတ်ချုပ် ဦးချုံ၊ သီပေါမဟာဒန် ဝန်ကြီးဟောင်း ဦးကျော်၊ သာမိုးကျောင်းတိုက် ဆရာတော်နှင့် သီပေါ မိုးတေးကျေးရွာအုပ်စု နားကြူရွာမှ စာပေပညာရှင် နားကြူဆရာကြီး တို့မှာ လောကီ၊လောကုတ္တရာကျမ်းပေါင်းမျာစွာကိုပြုစုခဲ့သည့် ပညာရှိပုဂ္ဂိုလ်ကျော်များဖြစ် သည်။

 

အမျိုးသမီးစာဆိုရှင် စဝ်နန်းခမ်းကူ

 

မိုးနဲမြို့နယ် ဝမ်ကြိမ်ဝင်ပေါင်းကျေးရွာ တွင် ဖခင်စာဆိုတော်ကြီး စပ်ကမ်ဆေ၊ မိခင် နိုင်းဆွေတို့က စဝ်နန်းခမ်းကူကို သက္ကရာဇ် ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။စဝ်နန်းခမ်းကူမှာ ထင်ရှားသောအမျိုးသမီး စာဆိုတစ်ဦးဖြစ်ပြီး လောကီ၊ လောကုတ္တရာ ကျမ်းဆယ်ကျမ်းကို ပြုစုရေးသားခဲ့သည်။ ၁၂၇၉ ခုနှစ် တပို့တွဲလဆန်း ၁ဝ ရက် တနင်္လာနေ့ အသက် (၆၄)နှစ်တွင် ကွယ်လွန်သည်။

 

စာပေပညာရှင် ရှမ်းစာဆိုတော်ကြီး အများစုမှာ တန်ဆောင်မုန်းလတွင် မွေးဖွား၍ တန်ဆောင်မုန်းလတွင် ကွယ်လွန်ခဲ့ကြသည်ကို ထူးခြားစွာတွေ့ရသဖြင့် အဆိုပါစာဆို တော်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ရှမ်းစာဆိုတော်နေ့ကို တန်ဆောင်မုန်းလတွင် ရှေးပညာရှင်ကြီးများက သတ်မှတ်ပေးခဲ့ကြ သည်။

 

ထို့ကြောင့် ၁၃၇၅ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားစာပေ ပညာရှင်စာဆိုတော်ကြီးများကို ဤဆောင်းပါး ဖြင့် ဦးခိုက်ဂုဏ်ပြုအပ်ပါသတည်း။ ။